close

ရွှေပြည်အေးမြို့သစ်

close

February 2, 2023

ရွှေပြည်အေးမြို့သစ်နှင့် အရာတော် သစ်ကျင်းကြီးကျေးရွာစခန်းတို့ကို PDF တပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို PDF မဟာမိတ် ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက်‌နေ့မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်‌လို့ ဟုမ္မလင်း PDF ကာကွယ်‌‌ရေးအဖွဲ့ဝင်‌တဦးက‌ ပြောပါတယ်‌။

“မ‌နေ့မနက်‌ ၉ နာရီကစပြီး‌ ရွှေပြည်‌‌အေးမြို့သစ်‌ကို ဝင်‌တိုက်‌တယ်‌။ ည‌နေ ၃ နာရီမှ တိုက်‌ပွဲကပြီးတယ်‌။ စစ်‌‌ကောင်‌စီဘက်‌က ရဟတ်‌ယာဉ်‌နဲ့လာပစ်‌လို့‌ နောက်‌ပြန်‌ဆုတ်‌ခဲ့ရတယ်‌။ ‌ရွှေပြည်‌‌အေးမှာရှိတဲ့ ‌ထွေအုပ်ရုံး၊ ‌ဆေးရုံတွေ အကုန်‌သိမ်းပိုက်‌နိုင်‌ခဲ့တယ်‌။”

ရွှေပြည်အေးမြို့သစ်ကို ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်း၊ HPDF၊ HPDF-124၊ HPDF မိုးကြိုး စတဲ့ မဟာမိတ်တပ်ပေါင်းစုက စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ သုံးကြိမ် လာရောက်ပစ်ခတ်ခဲ့ပေမဲ့ မဟာမိတ်တပ်ပေါင်းစုက အထိအခိုက် အကျအဆုံး မရှိဘဲ လက်ရှိအချိန်ထိ ရွှေပြည်အေးမြို့ကို အောင်မြင်စွာ သိမ်းပိုက်ထားဆဲဖြစ်‌တယ်‌လို့ ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်းက ထုတ်‌ပြန်‌ပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့မှာ တပ်စွဲထားတဲ့ သစ်ကျင်းကြီးကျေးရွာက စစ်ကောင်စီစခန်းကို ဒေသခံ တော်လှန်ရေးအင်အားစုတွေက ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

သစ်ကျင်းကြီးကျေးရွာက စစ်ကောင်စီတပ်တွေဟာ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူတွေကို အနိုင်ကျင့် ဖမ်းဆီးနှိပ်စက်တာတွေ အကြိမ်ကြိမ် ပြုလုပ်နေတာကြောင့် အခုလိုတိုက်ခိုက်ရတာလို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

“အဲဒီရွာက ပျူရွာဖြစ်နေတာကြာပြီဗျ။ အခုဟာက ဒရုန်း ၂ စီးနဲ့ မိုင်း ၄ စီးချ တိုက်ခိုက်ခဲ့တာ။ စခ ၂ ကောင် သေတယ်။ ၂ ကောင် ဒဏ်ရာရတယ်လို့ အတွင်းဖရဲသီးဆီက သိထားရတယ်။ ဖြည့်စွက်အနေနဲ့တော့ အာဏာရှင်ဘက်ကနေ ရပ်တည်မနေဘဲ ပြည်သူတွေဘက်ကို အမြန်ဆုံး ပူးပေါင်းပါလို့ပဲ ပြောချင်တယ်” လို့ အရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Danger Force LPDF အဖွဲ့ခေါင်းဆောင် မောင်းလေးက ပြောပါတယ်။

အခုတိုက်ခိုက်တာကို- MRTF တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်းအမှတ်-၂၁တပ်ရင်း - တပ်ခွဲ-၂ (NDRF တပ်ဖွဲ့)၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Danger Force LDF တပ်ဖွဲ့နဲ့ မိုင်းမင်းသား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နဲ့ ညောင်ပင်ဝန်းကျေးရွာကြားမှာ ဖေဖော်ဝါရီ ၂ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းဖောက်ခွဲ တိုက်ခိုက်ရာမှာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကိုင်းမြို့ကနေ ညောင်ပင်ဝန်းကျေးရွာဘက် မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးလောက်ပါ အံစာတုံးအမျိုးအစားကားကို မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က အံဇာတုံးကားနဲ့ ပုံမှားရိုက်ပြီး ခိုးကြောင်ခိုးဝှက် မောင်းလာတာ။ ဒီက သတင်းရပြီးသားမို့ စောင့်ကြိုတိုက်ခိုက်တာ။ ကားပေါ်က သူတို့တပ်သား ၄ ဦးသေတယ်၊ ၃ ဦး ဒဏ်ရာရသွားတယ်လို့ သိထားတယ်။ ကျနော်တို့က သေချာပြီဆိုမှ မစ်ရှင်ကို ဖော်ဆောင်ခဲ့တာပါ” လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့နဲ့ Dragon GZ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ တပ်မ ၃၃ မှ Honda Fit ကားတစီးကို စစ်ကိုင်းမြို့နယ်အတွင်းရှိ အုံးတောလမ်းပိုင်းနဲ့ ဆားတောင်လမ်းပိုင်းကြားမှာ ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာမှာ နှစ်ပွင့်အဆင့် ဗိုလ်ကြီး ၁ ဦးနဲ့ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

4 days Ago

February 1, 2023

ဟုမ္မလင်း၊ ရွှေပြည်အေးတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းအုပ်စု၊ ရွှေပြည်အေးမြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းတပ်စွဲထားတဲ့ စခန်းကင်း ၃ ခုကို  ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ပိုင်းက စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု( PDF) တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်တပ်ကလည်း MI- 35  တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပစ်ကူပေးနေရတယ်လို့ HPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

HPDF တာဝန်ရှိသူတစ်ဦးက“ဒီကနေ့ မနက်ကတည်းက ရွှေပြည်အေးမြို့မှာရှိတဲ့ စစ်တပ်နဲ့ ပျုပေါင်းပြီး စခန်းချထားတဲ့နေရာ သုံးခုကို ကျနော်တို့ ဟုမ္မလင်း ပီဒီအက်နဲ့ မဟာမိတ်တပ်တွေက တပြိုင်တည်း ထိုးစစ်ဆင်ဝင်တိုက်တာ။ သူတို့ဘက်က အထိခိုက်များပြီး ဆုတ်ခွာသွားတယ်။ နေရာအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ကျနော်တို့ သိမ်းပြီးထားပါပြီ။ အခု ညနေပိုင်း စစ်တပ်ဘက်က MI- 35 ရဟတ် ယာဉ်နဲ့ လာပစ်နေတယ်။ တိုက်ပွဲက ရင်ဆိုင်ထားဆဲဖြစ်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ တိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက် ဒဏ်ရာရမှု အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းအဖွဲ့တွေကို SNA ရှမ်းနီတပ်ရဲ့ တပ်မဟာတစ်ခုဖြစ်တဲ့ ၈၉၁ က  စစ်ကူပေးတယ်လို့လည်း ဒေသခံ မျက်မြင်သက်သေတွေကပြောပါတယ်။

ဒါ့ကြောင့် SNA ရှမ်းနီတပ်ကို ဟုမ္မလင်းမြို့နယ်အတွင်းက ပြည်သူလူထုတွေက ဆန့်ကျင်တဲ့အကြောင်း ပြီးခဲ့တဲ့ဇန်နဝါရီ ၃၀ ရက်က ဆန္ဒထုတ်ဖော်ကန့်ကွက်တာတွေရှိခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ SNA ရှမ်းနီးတပ်နဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့ကြား ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

SNA ရှမ်းနီတပ်တာဝန်ရှိသူတွေကတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတယ်ဆိုတာကို မီဒီယာမှာ ငြင်းဆိုထားပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆၈ ရက်ရှိခဲ့တယ်လို့ BNI-Myanmar Peace Monitor မှတ်တမ်းအရ သိရပါတယ်။

5 days Ago
Up