close

ရွှေ့ပြောင်းနေထိုင်သူ

close

March 29, 2023

မက္ကဆီကိုတွင် မီးလောင်မှုဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူ ၄၀ ခန့်သေဆုံး

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းနယ်စပ်မြို့ ဆီအူဒဒ်ဟွာရက်ဇ်မြို့ရှိ ရွှေ့ပြောင်းနေထိုင်ရေး အဆောက်အအုံတခုမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရရဲ့ အမျိုးသားရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အင်စတီကျု (INM) က မတ်လ ၂၈ ရက်မှာ ပြောပါတယ်။

အရေးပေါ်ဝန်ဆောင်မှု ဝန်ထမ်းတွေဟာ အသေအပျောက်တွေကို သတ္တုပြားတွေထဲ ထုပ်ပိုးပြီး သူတို့ရဲ့ရုပ်အလောင်းတွေကို ထမ်းစင်တွေပေါ်တင်ကာ မော်တော်ယာဉ်တွေဆီကို သယ်ဆောင်သွားခဲ့ကြပါတယ်။

စေတနာ့ဝန်ထမ်းတချို့ အပါအဝင် လူအများအပြားဟာ အခင်းဖြစ်ပွားရာနေရာကို လာရောက်ကြပြီး မီးဘေးသင့်သူတွေကို ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

အဲဒီအဆောက်အအုံထဲမှာ ဗဟိုအမေရိကနဲ့ တောင်အမေရိကမှ အရွယ်ရောက်ပြီးသူ အမျိုးသား ၆၈ ဦး တည်းခိုနေထိုင်ခဲ့ကြပြီး အများစုမှာ ဗင်နီဇွဲလားနိုင်ငံသားတွေ ဖြစ်ကြောင်း အမျိုးသား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အင်စတီကျု (INM) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မီးလောင်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၂၉ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး အဲဒီဒေသရှိ ဆေးရုံ ၄ ခုကို ပို့ဆောင်ထားကြောင်း INM အင်စတီကျုက ပြောပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုတို့ဟာ သူတို့ရဲ့ ထိစပ်နေတဲ့ နယ်နိမိတ်မှာ စံချိန်တင် နယ်စပ်ဖြတ်ကျော်မှုအဆင့်ကို ရင်ဆိုင်ဖို့ ရုန်းကန်နေရချိန်မှာပဲ မက္ကဆီကိုနိုင်ငံဟာ ဒီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံး မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

4 days Ago

March 24, 2023

အမေရိကန်သွားမည့် မက္ကဆီကိုရောက်ရွှေ့ပြောင်းနေထိုင်သူများ လူသားချင်းစာနာမှုဗီဇာလျှောက်

မက္ကဆီကိုနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ပေါင်းများစွာဟာ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်ခွင့်ရှိမယ့် လူသားချင်းစာနာထောက်ထားမှုဗီဇာ လျှောက်ထားဖို့ မတ် ၂၂ ရက် က မက္ကဆီကိုစီးတီးရှိ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မရှင် (Comar) မှ ပိုင်ဆိုင်တဲ့ ရုံးတွေ အပြင်ဖက်မှာ စုဝေးနေကြပါတယ်။

သူတို့ဟာ အလုပ်လည်း လုပ်လို့မရတော့ သင့်တင့်တဲ့ ဟိုတယ်ခတောင် မရှာနိုင်တဲ့အပြင် မက္ကဆီကိုစီးတီးကနေ လွတ်လွတ်လပ်လပ် ထွက်ခွာပြီး ခရီးလည်း မသွားနိုင်ကြောင်း ရုံးအပြင်ဘက်မှာ တန်းစီနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့က ပြောဆိုကြပါတယ်။ 

ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ တေနာဘီတန်ကွတ်က သူဟာ နယ်စပ်အထိ ခရီးသွားဖို့ ရည်ရွယ်ထားပေမယ့် Comar ရုံးကနေ ပေးထားတဲ့ ဗီဇာနဲ့ မက္ကဆီကိုတခွင် သွားလာနိုင်မယ်လို့ ထင်ထားပေမယ့် မက္ကဆီကိုစီးကနေတောင် ထွက်ခွာလို့မရတာကြောင့် လူသားချင်းစာနာတဲ့ အကြောင်းပြချက်နဲ့ ဗီဇာပေးမယ်ဆိုရင်တော့  ခရီးထွက်နိုင်မယ်လို့ ထင်ပါတယ်လို့ ပြောပါတယ်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်မှာ Comar မှ ထုတ်ပြန်ခဲ့တဲ့ လတ်တလော အချက်အလက်တွေအရ မက္ကဆီကိုမှာ ဒုက္ခသည်လျှောက်လွှာ ၁၂,၈၆၃ စောင်ကို လက်ခံရရှိထားပြီး အများစုမှာ ဟေတီ၊ ဟွန်ဒူးရပ်စ် နဲ့ ဗင်နီဇွဲလားတို့မှ ဖြစ်ကြပါတယ်။ 

1 week Ago
Up