ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဗဟိုထောက်လှမ်းရေးဌာန (CIB) သတင်း ဖော်ပြချက်အရ သိရပါတယ်။
မတ်လ ၂၀ ရက် မနက် ၁၀ နာရီလောက်က ကန်ချနာပူရီခရိုင် လမ်းမပေါ်က စစ်ဆေးရေးဂိတ်တခုမှာ အနက်ရောင် ပစ်ကပ်ကားတစီးက အစစ်ဆေးမခံဘဲ အရှိန်ပြင်းစွာ မောင်းနှင်သွားတဲ့အတွက် လိုက်လံဖမ်းဆီးရာကနေ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ မောင်းပြေးသွားတဲ့ယာဥ်ကို စစ်ဆေးရေးဂိတ်နဲ့ ကီလိုမီတာ ၄၀ အကွာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးရာ အသက် ၃၇ နှစ်အရွယ် ထိုင်းလူမျိုး ယာဥ်မောင်းဖြစ်သူ မောင်းနှင်လာပြီး ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့ကနေ ကန်ချနဘူရီမြို့ကို ပို့ဆောင်ခ ဘတ် ၇,၀၀၀ ကနေ ၈,၀၀၀ အထိ ရရှိတဲ့အတွက် သယ်ဆောင်လာခဲ့တာလို့သိရပြီး ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမားတွေနဲ့ ယာဥ်မောင်း ထိုင်းလူမျိုးကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ ကန်ချနဘူရီ ရဲစခန်းကို ပို့ဆောင်ထားပြီး အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကန်ချနာဘူရီခရိုင်နဲ့ ပရာကျွတ်မြို့တို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀ ဦး ဖမ်းဆီးခံထားရပြီး ဖေဖော်ဝါရီလထဲမှာပဲ တရားမဝင် ခိုးဝင်နိုင်ငံသား ဖမ်းဆီးရမိသူ ၉၀ ခန့်ရှိပြီလို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်၊ မဲ့ကလောင်ကျေးရွာအနီးကို မတ်လ ၁၀ ရက် မနက် ၁ နာရီလောက်မှာ ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး ကင်းလှည့်နေစဥ် သောင်ရင်းမြစ်ရဲ့ ထိုင်းဘက်ခြမ်းမှာ မသင်္ကာဖွယ်ရာကားတစီး ရပ်ထားတာကို တွေ့ခဲ့တဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းစစ်တပ်က ကားအနီးကို သွားရောက်ချိန်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာသူ မြန်မာနိုင်ငံသား ၈ ဦးလောက်က ကားပေါ်ကနေခုန်ချပြီး သောင်းရင်းမြစ်ကို ဖြတ်ကူးကာ မြန်မာနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ ထိုင်းတပ်မတော်က ထုတ်ပြန်ထားပါတယ်။
အဆိုပါကားကို ဆက်လက်စစ်ဆေးရာ ကားပေါ်မှာ မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးသွားသူတွေရဲ့ ခရီးဆောင်အိတ်တွေကိုပါ တွေ့ရှိခဲ့ပါတယ်။
အဖမ်းခံရသူ အမျိုးသမီးကို စစ်ဆေးရာမှာတော့ ကားပေါ်က ထွက်ပြေးလွတ်မြောက်သွားသူတွေက မြန်မာနိုင်ငံသား အမျိုးသားတွေဖြစ်ပြီး ဘန်ကောက်မှာ အလုပ်လုပ်ကိုင်ဖို့ ပွဲစားခ တဦးကို ဘတ် ၂၀,၀၀၀ ပေးခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိတဲ့အတွက် ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မဲ့လမတ်မြို့နယ် ရဲစခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်သူတွေ များပြားလာတဲ့အတွက် ထိုင်းစစ်တပ်က နေ့ည ကင်းလှည့်နေရပြီး ဖေဖော်ဝါရီလထဲမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကလည်း နရာသီဝပ်ခရိုင်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ လမ်းပြ ၃ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။