close

ရှမ်းမြောက်

close

February 6, 2023

ရှမ်းမြောက်တွင်ကျင်းပသည့် ၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ (ဓာတ်ပုံ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ပညာရေးကျောင်းမှာ ၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က  ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ကျဆုံးသွားတဲ့ ကချင်သူရဲခေါင်းတွေကို အလေးပြုတာ ကချင်အမျိုးသားအလံ လွှင့်တင်တာနဲ့ ကချင်အမျိုးသား သီးချင်းသီးဆိုတာတွေကိုလည်း ကျောင်းသူကျောင်းသားတွေက ပြုလုပ်ခဲ့ပါတယ်။

အဲဒီအပြင် ဆရာဆရာမတွေက ကချင်တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံနဲ့ ကချင်ခေါင်းဆောင်တွေအကြောင်း ပြောဆိုခဲ့ကြပြီး ကျောင်းသားကျောင်းသူတွေက အသင်းလိုက် တော်လှန်ရေးအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ ကျောင်း ၆ ကျောင်း ရှိပြီး KG အတန်းကနေ အထက်တန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ 

3 weeks Ago

January 31, 2023

မြစ်ကြီးနားတွင် ဆိုင်ကယ်စီး လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး၊ ရှမ်းမြောက်‌ဒေသ၌ CDM ဝန်ထမ်းများကို လိုက်လံဖမ်းဆီးနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်မှာ ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်းက  ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနားက လမ်းသွယ် ၅ အတွင်း ဆိုင်ကယ်နဲ့လာတဲ့ လူငယ် ၂ ယောက်ကို အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ ဖမ်းဆီးခဲ့တာပါ။

သီတာရပ်ကွက်မှာ နေထိုင်သူတဦးက “သီတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနား လမ်းသွယ် ၅ ထဲမှာ နေ့လယ် ၂ နာရီလောက်က ဆိုင်ကယ်နှစ်စီးနဲ့ လူငယ်လေးယောက်ကို ဖမ်းတာ။ နှစ်ယောက်လွတ်သွားပြီး နှစ်ယောက် ဖမ်းမိသွားတယ်။ ဖမ်းမိတဲ့ နှစ်ယောက်ကိုလည်း ကြိုးတုပ်ပြီး အိမ်စီးကားနဲ့ ခေါ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူ မောင်စိုးသီဟထွန်းနဲ့ မောင်နိုင်ထက်လင်းတို့ကို နာမည်အတိအကျနဲ့ ဘာကြောင့်ဖမ်းတယ်ဆိုတာကို ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ လားရှိုးမြို့ အပါအဝင် ဒေသတွင်းက CDM ဝန်ထမ်းတွေကို အခုနှစ် ဇန်နဝါရီလကစပြီး စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် လုံခြုံရာ ထွက်ပြေးနေရတယ်လို့ CDM ဆရာဝန်တဦးက ပြောပါတယ်။

ရှမ်းမြောက်ဒေသအတွင်း CDM လုပ်သူ ၂၅၀ လောက်ရှိပြီး CDM တွေကို ဖမ်းဆီးဖို့ အမိန့်ကျလာပြီး လားရှိုးနဲ့ တန့်ယန်းမြို့တွေမှာ ပြီးခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက စတင်ဖမ်းဆီးတာတွေ ရှိပေမဲ့ CDM ဝန်ထမ်းတချို့ တိမ်းရှောင်နေကြရတာပါ။

လားရှိုးက ထွက်ပြေးတိမ်း‌ရှောင်လာတဲ့ သွားဆရာဝန်တဦးက “ကျနော့်အသိတွေထဲက တချို့ ဖမ်းခံရပြီ။ ကျနော်ကတော့ လွတ်လာတယ်။ ရှမ်းမြောက်မှာ CDM လုပ်သူ ၂၅၀ ကို ဖမ်းဖို့ ရှိတယ်။ အခု‌ထက် ပိုလုံခြုံတဲ့‌နေရာကို ရောက်ဖို့လိုတယ်” လို့ ပြောပါတယ်။

တန့်ယန်းမြို့ဟာ စစ်တပ်ထိန်းချုပ်မှုအားကောင်းတဲ့မြို့ ဖြစ်တာ‌ကြောင့် အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြမှုတွေကို ရက်တိုသာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် လားရှိုးမြို့ဟာ ရှမ်းမြောက်‌ဒေသ ဆန္ဒပြမှုတွေမှာ လူအင်အားထောင်နဲ့ချီ ပါဝင်ဆန္ဒပြတဲ့ မြို့ဖြစ်ပြီး ဆန္ဒပြချိန်က တိုင်းရင်းသား အင်အားများစွာ ပါဝင်တဲ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေးအသင်းအဖွဲ့နဲ့ CDM ဝန်ထမ်းတွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။

4 weeks Ago
Up