တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဇနီးဖန်လိယွမ်တို့ဟာ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်နဲ့ မိဘရား တို့နဲ့ ဘန်ကောက်မြို့တော်က မဟာနန်းတော်မှာ နိုဝင်ဘာ ၁၉ ရက်က တွေ့ဆုံခဲ့ ပါတယ်။
အခုနှစ်ဟာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး တည်ထောင်ခြင်း ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။
၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေပက်) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ အောင်အောင်မြင်မြင် လက်ခံကျင်းပနိုင်ခဲ့တဲ့အတွက် တရုတ်သမ္မတ ရှီက ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။
ထိုင်းဘုရင်ကကလည်း ရှီနဲ့ သမ္မတကတော်တို့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်လို့ ဂုဏ်ယူဝမ်းမြောက်တယ်လို့ ပြောပါတယ်။
ရှီရဲ့ ဉာဏ်ပညာရှိတဲ့ ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံဟာ ပိုအားကောင်း ချမ်းသာလာတယ်၊ အထူးသဖြင့် အလွန်းအမင်းဆင်းရဲမှုပပျောက်ရေးနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး မြှင့်တင်ရာမှာ ရှီရဲ့ ထူးခြားတဲ့ အောင်မြင်မှုတွေကို အရမ်းလေးစားတယ်လို့ ဘုရင်က ပြောပါတယ်။
တရုတ်သမ္မတ ရှီဟာ ဘန်ကောက်မြို့ကို နိုဝင်ဘာ ၁၈ ရက်က ရောက်လာပြီး ၂၉ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရင်း ထိုင်းနိုင်ငံမှာ လည်ပတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ထိုင်ဝမ်နဲ့ မြောက်ကိုရီးယားအရေး နိုဝင်ဘာ ၁၄ ရက်က သုံးနာရီကြာ ဆွေးနွေးခဲ့ပါတယ်။
တင်းမာနေတဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးကို စစ်အေးခေတ်သစ်အဆင့် ရောက်မသွားအောင် တားဆီးဖို့ ရည်ရွယ်ဆွေးနွေးခဲ့တာပါ။
လူ့အခွင့်အရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ တကျီကျီဖြစ်နေတဲ့ကြားမှာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ ပြည်တွင်းစက်မှုလုပ်ငန်းကို ပံ့ပိုးကူညီမှုတွေအတွက် ခေါင်းဆောင်နှစ်ဦး မကြာခဏ ပိုထိတွေ့ဆက်ဆံဖို့ ကတိပြုခဲ့ကြပါတယ်။
ဆွေးနွေးအပြီး ထိုင်ဝမ်ဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ ဘောင်မကျော်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ရှီက တရုတ်အစိုးရမီဒီယာကို ပြောခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ တရုတ်တနိုင်ငံတည်း ရပ်တည်ချက်နဲ့ ထိုင်ဝမ်စစ်တပ်ကို ထောက်ပံ့ဖို့ ဆယ်စုနှစ်များစွာထားခဲ့တဲ့ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ မူဝါဒက အပြောင်းအလဲ မရှိဘူးဆိုတာ ရှီကို အာမခံဖို့ ကြိုးပမ်းခဲ့တယ်လို့ ဘိုင်ဒန်က ပြောခဲ့ပါတယ်။
စစ်အေးတိုက်ပွဲသစ် မလိုအပ်လို့ တရုတ်က ပူပြင်းတဲ့စစ်ပွဲကို စီစဉ်နေတယ်လို့ မထင်ကြောင်းလည်း ဘိုင်ဒင်က ပြောပါတယ်။