ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို ဧပြီ ၁၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၄ နှစ်အရွယ် စစ်ဘေးရှောင် မိန်းကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတဦးက "စစ်ရှောင်စခန်းနားက ကလေးတွေကစားနေတဲ့အချိန်မှာ ထိတာဆိုတော့ ကလေးတယောက်ထိသွားတာ"လို့ ပြောပါတယ်။
ဒဏ်ရာရ ကလေးငယ်ကို မူကယန်း လူမှုကူညီရေးအသင်းက ကုသပေးခဲ့ပြီး ကလေးရဲ့ လက်မောင်းကို လက်နက်ကြီးအစထိရှခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်မှာ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကို နေ့စဥ်ပြုလုပ်နေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း အကြိမ်ရေများစွာ ပြုလုပ်နေပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေ ၁၃၄ ဦးထိ ရှိနေပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ထားပါတယ်။
Photo- Mu Kayan လူမှုကူညီရေးအသင်း
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ ကျေးရွာတွေထဲ ပစ်ခတ်နေတာကြောင့် ဒေသခံ ၄,၀၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၁ သထုံခရိုင်က မတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ-၆၀၂ နဲ့ အမတ-၃၁၀ တပ်ရင်းတွေက ကျိုက်ထိုမြို့နယ်ထဲက ကေအန်ယူနယ်မြေ ကျေးရွာတွေဖြစ်တဲ့ ငှက်ပျောတော၊ ကရဝေးဆိပ်၊ ဇီးပြောင်းနဲ့ မဲရုံလေးကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာပါ။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ ၃,၈၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေထိုင်နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်ဒေသခံတွေကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေေပမဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ရွှေလုပ်သားတွေဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မောင်သာချောင်နဲ့ အသက်၂၄ နှစ်အရွယ် စောနောင်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ ဘဝမလုံခြုံမှုပြဿနာနဲ့ အလုပ်အကိုင် ရှားပါးလာတာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။