ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရဲစခန်းကို မေ ၆ ရက် ညပိုင်းက လက်နက်ကိုင်အဖွဲ့ တဖွဲ့က လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၈ နာရီလောက်မှာ ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စခန်းက သေနတ်နဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ တဦးက “လက်နက်ကြီးနဲ့လာပစ်တယ် ပြောတယ်။ အသံတော့ ကြားလိုက်ရတယ်။ ပြီးတော့ သေနတ် ဆက်တိုက်ပစ်တဲ့အသံတွေလည်း ကြားတယ်”လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူတွေထိခိုက်မှုရှိမရှိ အသေးစိတ်အခြေအနေတွေကိုတော့ အတည်အကျ မသိရသေး သလို ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်တယ်ဆိုတာလည်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဘိုကလေးမြို့မရဲစခန်းကို ဒီနေ့ညပိုင်းမှာ ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ လာပစ်တာ မှန်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။
ဘိုကလေးမြို့နယ်မှာ မေ ၄ ရက်က စစ်ကောင်စီတပ်စခန်းတစ်ခု ပစ်ခတ်ခံရပြီး တပ်ကြပ်ကြီး တစ်ဦး သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရိုးကြီးရပ် ဒေသအခေါ် ရိုးကြီးဦးပိန်တံတားအနီးမှာ ဧပြီ ၂၃ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ၄ ကြိမ်ထပ်မနည်း ကျရောက်ပေါက်ကွဲတာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံ အမျိုးသား၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦး စုစုပေါင်း ၆ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အမှန်ပဲဗျ နေ့ခင်းကြီး ဖြစ်သွားတာ။ တလုံးနဲ့တလုံး စက္ကန့်ပိုင်း နဲ့ မိနစ်ပိုင်းပဲကွာတယ်။ တချို့က တံတားနားကျတယ်၊ တချို့အလုံးက လျှိုထဲ၊ တချို့အလုံးက လူနေအိမ်တွေ နားကျတော့ လမ်းသွားလမ်းလာတွေနဲ့ အနီးအနားရှိတဲ့သူတွေထိကုန်တော့တာပဲ”လို့ မြို့ခံတဦးက ပြောပါတယ်။
PDF/KIA တွေ ဗန်းမော်နားကပ်လာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စစ်တပ်က အခုရက်ပိုင်းအတွင်း ဗန်းမော်ပတ်ဝန်းကျင်နဲ့ ကျေးရွာအချို့ဘက်တွေမှာ စစ်ကြောင်းတွေထိုးပြီး စစ်ဆေးရေးတွေ တင်းကျပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။