မြန်မာစစ်အာဏာရှင်ဟာ နိုင်ငံတဝန်းမှာ လေကြောင်းကနေ လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေစည်းကမ်းတွေနဲ့ လတ်တလော အတည်ပြုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ကို အပြင်းအထန် ချိုးဖောက်ရာ ရောက်တယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအကြီးအကဲထံ တိုင်ကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ချင်းအမျိုသားတပ်ဦး ( CNF ) ရဲ့ ဌာနချုပ် ဗစ်တိုးရီးယားစခန်းကို စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တွေနဲ့ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၅ ဦးသေဆုံးပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် ဒဏ်ရာရခဲ့တာ နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ထံ ဇန်နဝါရီ ၁၃ ရက်နေ့စွဲနဲ့ စာရေးသား ပေးပို့တိုင်ကြားလိုက်တာပါ။
ဒီစာနဲ့အတူ CNF ဌာနချုပ် တိုက်ခိုက်ခံရတဲ့ကိစ္စထုတ်ပြန်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြေညာချက်ကိုလည်း ပေးပို့ခဲ့ပြီး ဒီစာကို ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ စီဆာဘာကရိုစီနဲ့ ကုလသမဂ္ဂရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေထံကိုလည်းပေးပို့ခဲ့သလို ကုလသသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့ ကုလအထူးသံ နိုလင်းဟေဇာတို့ဆီကိုလည်း ပေးပို့ထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဇန်နဝါရီ ၁၂ ရက်က ကျင်းပတဲ့ ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်နဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာလည်း သံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောရာမှာ မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု၊ အကျဉ်းထောင်တွင်း အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှု၊ နိုင်ငံရေးအကျဉ်းသားတွေကို ဥပဒေမဲ့ကွပ်မျက်မှု၊ လူတသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေမှုစတဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
တရားမဝင် အာဏာသိမ်းစစ်တပ်အနေနဲ့ တရားဥပဒေစိုးမိုးမှုကို လုံးဝဥဿုံ ဖျက်ဆီးခဲ့ပြီး ပြည်တွင်းနဲ့ဒေသတွင်းမှာ ကြီးလေးတဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ဖြစ်ပေါ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေနဲ့ စုစည်း ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ စစ်တပ်က အကြမ်းဖက်မှုတွေ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကာ ဒီပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မြောက်အမှုတွေဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒါ့အပြင် ဖက်စစ်စစ်တပ်အနေနဲ့ ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေပြီး နယ်စပ်ဖြတ်ကျော်မှုခင်းတွေအတွက် လုံခြုံတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
လတ်တလောသတင်းအရ စစ်တပ်က သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ (၄၀) လောက်မှာ ပြစ်မှုဇုန် ၁၅ ခုကို ဖန်တီးပေးထားကြောင်း၊ ဒီဒေသမှာ နိုင်ငံ ၃၀ ကျော်မှ အပြစ်မဲ့ပြည်သူတွေ လိမ်လည်လှည့်ဖြားခံရလို့ လူကုန်ကူးမှုတွေ အဓိကဖြစ်ပေါ် နေလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအသိုက်အဝန်းနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ အဆိုပါ လူကုန်ကူးမှုအကျပ်အတည်းကို အလေးအနက်ထားကာ အချိန်မီ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ရေး၊ စစ်တပ်ကအကျိုးခံစားနေရတဲ့ ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့ကျင့်စဉ်ကို ဖြေရှင်းပေးနိုင်ဖို့နဲ့ မြန်မာအရေးဆုံးဖြတ်ချက်ပါ ပြဋ္ဌာန်းချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကို မြန်မာအသံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲပေးပြီး တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ကာ ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို လက်မခံကြောင်းကြေညာပြီး မြို့တချို့မှာ တပ်ထောက်ခံသူတွေကိုလည်း ငွေပေးပြီး ကန့်ကွက် ဆန္ဒပြခိုင်းထားပါတယ်။
ဒီနေ့ (ဒီဇင်ဘာ ၂၁၊ ၂၀၂၂)ကတော့ နွေဦးတော်လှန်ရေးလို့ ခေါ်ကြတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးအတွက် အရေးကြီးတဲ့ သံတမန်ရေးရာအောင်မြင်မှုတစ်ခုကို ရရှိတဲ့နေ့ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု [S/RES/2669 (2022)]ကို ပထမဆုံးအကြိမ် ချမှတ်နိုင်ခဲ့လို့ပါ။ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ပါဝင်တဲ့ လုံခြုံရေးကောင်စီက ယူနိုက်တက်ကင်းဒမ်း (United Kingdoms) က ဦးဆောင်တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၃ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားက ဒီဆုံးဖြတ်ချက်ကို အရင်တုန်းကလို ဗီတိုအာဏာနဲ့ ပယ်ချခြင်းမပြုဘဲ အိန္ဒိယနိုင်ငံနဲ့အတူ ကြားနေကြပါတယ်။
ဒီဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ အရေးကြီးတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ပါ အစီအစဉ်အတိုင်း မဟုတ်ပါ။ စကားလုံးအတိအကျလည်း မဟုတ်ပါ။ သင့်တော်သလို စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။
(၁) မြန်မာနိုင်ငံတွင် စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာထားခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးထိန်းသိမ်းထားခြင်းအတွက် အလွန်စိတ်ပူသည်။
(၂) မြန်မာနိုင်ငံတွင် အခြေပျက်ရွှေ့ပြောင်းနေထိုင်ကြရသူများ (Internally Displaced Persons) အလွန်အမင်းများပြားလာခြင်းနှင့် လူသားခြင်းစာနာထောက်ထားမှုအကူအညီလိုအပ်ချက်များ အလွန်များပြားလာခြင်းအတွက် စိတ်ပူသည်။
(၃)လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် မြန်မာစစ်အာဏာရှင်များအား တောင်းဆိုသည်။
(၄) မြန်မာနိုင်ငံ၏ ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာဖွေနိုင်ရေးတွင် အာဆီယံ (ASEAN) အဖွဲ့ကြီး၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း အသိအမှတ်ပြုသည်။ သို့ဖြစ်ပါ၍ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားသည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီမှု (5-Point Consensus) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီအားပေးကြရန် တိုက်တွန်းသည်။
(၅) အဆိုပါ ဘုံသဘောတူညီမှုကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တိကျခိုင်မာသော လုပ်ငန်းအစီစဉ်များကို အမြန်ဆုံးချမှတ် ဆောင်ရွက်ရန် အာဆီယံအဖွဲ့ကြီးအား တောင်းဆိုသည်။
(၆)မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အစည်းများအားလုံး ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးသံတမန်များနှင့် လက်တွဲ၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများစတင်ရန်နှင့် မြန်မာနိုင်ငံတွင်း ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းသည်။
(၇) မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများအား ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းအတွက် လုံခြုံရေးကောင်စီမှ ရှုတ်ချကြောင်း ထပ်မံအတည်ပြုသည်။
(၈) အကြမ်းဖက်မှုများကို လျှော့ချနိုင်ရေးနှင့် အားလုံးလက်ခံနိုင်မည့် နိုင်ငံရေးအဖြေရှာမှုများ ရရှိနိုင်ရေးအတွက် စစ်မှန်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော လုပ်ငန်းစဉ်ရှိရန်သည် အဓိက လိုအပ်ချက်ဖြစ်သည်ဟု သတိပေးသည်။
(၉) ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပဋိပက္ခများကို ဖြေရှင်းရေးနှင့် ရိုဟင်ဂျာလူမျိုးများ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံလောက်သည့် အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း သတိပေးသည်။
အခုလို လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာနဲ့ ပယ်ချခြင်းမပြုဘဲ အတည်ပြုနိုင်ခဲ့တာဟာ အာဆီယံအဖွဲ့ကြီးအတွင်းက အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူစတဲ့ မြန်မာစစ်အာဏာရှင်တွေကို အလွန်အမင်းစိတ်ပျက်နေတဲ့ နိုင်ငံတွေက တောင်းဆိုမှုကြောင့်ဖြစ်သလို ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်သံအမတ်ကြီးတွေရဲ့ စည်းရုံးမှု၊ သဘောတူညီချက်ရအောင် စိတ်ရှည်လက်ရှည် ညှိနှိုင်းနိုင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်အာဏာပိုင်တွေကို အရေးယူမယ့် အကြောင်းအရာတွေ မပါဝင်ပါ။ အရေးယူမယ့် အဆင့်ကို အခုမရောက် သေးပေမဲ့ ဒါဟာ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ အရေးယူမှုတွေအတွက် ခြေလှမ်းတစ်လှမ်း စလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲက မြန်မာစစ်တပ်အပေါ် အလွန် သံယောဇဉ်ကြီးတဲ့ ထိုင်းအစိုးရ၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်လျက်နဲ့ မြန်မာစစ်အုပ်စုနဲ့ ပလူးပလဲနေချင်တဲ့ အိန္ဒိယအစိုးရတို့ကို သတိပေးလိုက်သလိုလည်း ဖြစ်ပါတယ်။
ဒီ သံတမန်ရေးရာအောင်ပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ရဲ့ သံတမန်ရေးရာ စည်းရုံးမှုတွေရဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့လည်း မှတ်တမ်းတင်ချင်ပါတယ်။
အောင်ဒင်