close

လူကုန်ကူးပွဲစား

close

January 2, 2023

တိုးကြောင်ကလေးဘူတာ၌ ရိုဟင်ဂျာ ၉ ဦးနှင့် ပွဲစား ၂ ဦး၊ ဟင်္သာတတွင် ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာမှာ ဇန်နဝါရီ ၂ ရက် ဒီမနက်က ရိုဟင်ဂျာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ လိုက်ပို့တဲ့ အမျိုးသားပွဲစားနှစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲက ရန်ကုန်-မော်လမြိုင် ၈၉ အဆန် ရထားစီးဖို့ တိုးကြောင်ကလေးဘူတာမှာ စောင့်နေတဲ့ အမျိုးသား ၂ ဦးနဲ့ ရိုဟင်ဂျာ ၉ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဘူတာအနီးနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်ရော ရဲရော ဖမ်းတာ၊ ဘူတာကလူတွေလည်းပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲတော့ မသိဘူး။”

တိုးကြောင်ကလေးဘူတာအနီးမှာ ဖမ်းဆီးခံရတဲ့ ပွဲစား ကိုသန်းဝင်း၊ ကိုကျော်သူရ တို့နှစ်ဦးနဲ့ ရိုဟင်ဂျာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူဖို့ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာဦးရေ ၁,၀၀၀ နီးပါးရှိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သေချာတွက်ရင် အဲ့ဒီထက်တောင်မကဘူး။ စာရင်းမထွက်သေးဘူး။ ဌာနတိုင်းမှာ နှစ်ကုန်စာရင်း မတွက်ရသေးဘူး။ အာ့ကြောင့် ပြောဖို့ခက်တယ်။ ၁,၀၀၀ နီးပါး အနည်းဆုံးပဲ။”

ရန်ကုန်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ်အပြစ်ပေးခံရသူတွေရှိသလို ရိုက်နှက်သတ်ဖြတ်ခံရပြီး စွန့်ပစ်ခံရတဲ့ ရိုဟင်ဂျာတွေလည်း ရှိပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာလည်း ဇန်နဝါရီ ၂ ရက် မနက် ၁၀ နာရီခွဲလောက်က ရိုဟင်ဂျာလူမျိုး ၃၉  ယောက်  ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။

လယ်တီကွင်းမြို့ဝင်စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ ကျောက်တင်ကားကို လိုက်လံဖမ်းဆီးရာ မြဝတီရပ်ကွက်အရောက်မှာ ရပ်တန့်ထားတဲ့ ကားပေါ်ကနေ ရိုဟင်ဂျာလူမျိုး အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “အများစုကတော့ အမျိုးသားများတယ်။ အမျိုးသမီး ၃ ဦးထဲမှာ အသက်မပြည့်သေးတာ ၁ ဦးပါတယ်။ ခုတော့ ဟင်္သာတရဲစန်းကို ရွှေ့ဖို့လုပ်နေပြီ” လို့  ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ကုန်းလမ်းကတဆင့် ဝင်ရောက်လာခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေကို ဖမ်းဆီးမိပေမဲ့ လိုက်ပို့ပေးတဲ့ ကားမောင်းသူကိုတော့ ဖမ်းမမိခဲ့ဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာလူမျိုး ၃၉ ဦးကို ဟင်္သာတမြို့မရဲစခန်းကို ရွှေ့ပြောင်းပြီး လဝက ဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

2 months Ago

September 2, 2022

မယ်ဟောင်ဆောင်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၆ ဦးနှင့် ပွဲစားများအား ဖမ်းဆီး

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ပန်မဖာ့မြို့နယ်ထဲမှာ ဒုမြို့နယ်ဦးစီးမှူးက ရုပ်ဖျက်ပြီး တရားမဝင်အလုပ်သမား ၁၆ ယောက်နဲ့ ပွဲစားတွေကို ဖမ်းဆီးခဲ့တယ်လို့ siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် ဒုမြို့နယ်ဦးစီးမှူးကို လူကြိုသမားအဖြစ် အယောင်ဆောင်စေပြီး လမ်းပြသမားကိုရော၊ တရားမဝင် အလုပ်သမား ၁၆ ယောက်နဲ့  ထိုင်းလူမျိုး ကားသမား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပန်မဖာ့မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဆုမ်ဘတ် ဆိုင်ဆဝမ်က စက်တင်ဘာ ၁ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

ဩဂုတ် ၃၀ ရက် ညနေ ၆ နာရီ ၄၀ လောက်က ပန်မဖာ့မြို့နယ် နားပူပွမ့်အုပ်စု မိုက်ဆန်းနမ်ရွာအနီး တောထဲမှာ တရားမဝင် အလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဆက်သွားဖို့ လူစုနေကြောင်း သိရတဲ့အတွက် ဒုဦးစီးမှူးလည်း အလုပ်သမားအသွင်နဲ့ လူအုပ်ထဲလိုက်နေခဲ့ကြောင်း၊ သူတို့ကို ပွဲစားက ဆုပ်ပေါင်အုပ်စု မဲ့မူရွာမှာ ကားလာစီးဖို့ ဖုန်းဆက်ပြောလာတဲ့အတွက် ၃ ကီလိုမီတာဝေးတဲ့ တောလမ်းခရီးကနေ လမ်းလျှောက်ခဲ့တယ်လို့ ဆိုပါတယ်။ တရားမဝင် အလုပ်သမားတွေကတော့ စုစုပေါင်း ၁၆ ယောက်ရှိပြီး ရှမ်းပြည်နယ် ပင်လုံမြို့ကနေ ချင်းမိုင်မှာ အလုပ်သွားလုပ်ဖို့ ဝင်လာကြတယ်လို့ ဆိုပါတယ်။

ဆုပ်ပေါင်ရွာရှေ့မှာ သူတို့ကိုစောင့်နေတဲ့ တောင်ပေါ်သားကတ် ကိုင်ဆောင်သူ ကားသမား နိုင်းထွန်းကို တွေ့ရပြီး ရဲတွေကို အကြောင်းကြားကာ လာရောက်ဖမ်းဆီးခဲ့ကြောင်း၊ နိုင်းထွန်းကို စစ်ဆေးမေးမြန်းချက်အရ သူ့တာဝန်က ဖာမွန့်ရွာထိ ခရီးတထောက်သာ ပို့ပေးဖို့ဖြစ်ပြီး အလုပ်သမား ၁ ယောက်ကို ကားခ ဘတ် ၅၀၀ စီပဲရတယ်လို့ ဖြေပါတယ်။ အလုပ်သမားတွေကတော့ နယ်စပ်ကနေ ချင်းမိုင်ထိ တယောက်ကို ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ထိ ပေးရတယ်လို့ ပြောပါတယ်။

မြို့နယ်မှူးနဲ့ ရဲတပ်ဖွဲ့ဝင်လည်း အလုပ်သမားတွေနဲ့အတူ ဖာမွန့်ရွာထိ ကားလိုက်စီးလာခဲ့ရာ သန်းခေါင်ကျော် ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ ချိန်းဆိုထားတဲ့နေရာ ရောက်ရှိလာပြီး အဆိုပါ နေရာမှာ ကား ၂ စီးက အသင့်စောင့်ဆိုင်းနေတာလို့ ဆိုပါတယ်။

ကားမောင်းသမား ၂ ယောက်မှာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး သူတို့ကို အဓိကဆက်သွယ် ကြိုးကိုင်နေသူမှာ နန်းထွေးဆိုသူ အမျိုးသမီးတယောက်ဖြစ်ကြောင်း သိရတဲ့အတွက် အဆိုပါအမျိုးသမီးကို ဖမ်းဆီးအရေးယူဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား - siamrath.co.th

6 months Ago
Up