close

လူငယ်များ ဖမ်းဆီးခံရ

close

November 23, 2022

သင်္ဃန်းကျွန်းတွင် စစ်ကောင်စီက လူငယ်အချို့ကို ဖမ်းဆီး

သင်္ဃန်းကျွန်းမြို့နယ် ဇမြောက်ရပ်ကွက် UBC ကွန်ဒိုအခန်းတခန်းကို နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ အင်အားအများအပြားနဲ့ ဝင်ရောက်ပြီး လူငယ်အချို့ကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကွန်ဒိုနဲ့အနီးတဝိုက်ကို စစ်တပ်က သေနတ်တွေနဲ့ချိန်ထားတယ်။ ဖမ်းမိတဲ့ လူငယ်တွေကို လက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ခိုင်းတယ်။ ဖိနပ်တွေနဲ့ ဖြတ်ကန်တယ်။ ပြီးတော့ ကားပေါ်တင်ခေါ်သွားတယ်။” 

UBC ကွန်ဒိုအတွင်းကို စစ်ကောင်စီတပ်နဲ့ အဖွဲ့တွေဟာ ဧည့်စာရင်းအကြောင်းပြ ဝင်ခဲ့ပြီးနောက် ကွန်ဒိုမှာ နေထိုင်တဲ့ လူငယ်အချို့ကို ဖမ်းဆီးခဲ့ရာ အချို့လည်း ထွက်ပြေးလွတ်မြောက်သွား တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အဖမ်းခံရတာ ဆယ်ဦးအနည်းဆုံးပဲ၊ ထွက်ပြေးသွားလို့ လိုက်ရှာကြသေးတယ်။ မတွေ့တော့မှ ဖမ်းထားတဲ့သူတွေကို ခေါ်သွားတာ။ ဘယ်ကို ခေါ်သွားလဲတော့ မသိဘူး။” 

လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး UBC ကွန်ဒိုနဲ့ နီးစပ်သူအချို့ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

မနေ့ညက မြောက်ဥက္ကလာနဲ့ ဒဂုံဆိပ်ကမ်းက ရပ်ကွက်အချို့မှာလည်း စစ်ကောင်စီတပ်နဲ့ အဖွဲ့ဟာ ဧည့်စာရင်းအကြောင်းပြပြီး လူအချို့ကို ဖမ်းဆီးခဲ့သေးတယ်လို့လည်း သိရပါတယ်။

3 months Ago

September 19, 2022

လောင်းလုံးမြို့ မင်းရပ်ကျေးရွာနေ လူငယ် ၄ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအနီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက လူငယ် ၄ ယောက်ကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေဟာ မင်းရပ်ကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိတဲ့ ကိုကျော်စွာသိန်း၊ ကိုပြည့်ဝအောင်၊ ကိုသူရိန်ထွန်း၊ ကိုပိုင်အိတို့ ဖြစ်ကြပြီး ထားဝယ်မြို့ဘက်ကို ကားနဲ့ခေါ်သွားပေမဲ့ ဘယ်ကို ခေါ်သွားတာလဲဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ မင်းရွာခံ တဦးက ပြောပါတယ်။

“ဆိုင်ကယ် တစီးကို နှစ်ယောက်စီ စီးသွားလို့ အခုလို ဖမ်းဆီးသွားတာ ဖြစ်နိုင်ပေမဲ့ သေချာတော့ မသိရဘူး”

အဖမ်းခံရ​တဲ့ လူငယ်တွေကို ပျူစောထီးကားပေါ်မှာ မျက်နှာကို အဝတ်နဲ့စည်းပြီး ခေါ်သွားသလို လူငယ်တွေရဲ့ ဆိုင်ကယ်နှစ်စီးကိုလည်း ကားပေါ်တင်သွားတာ တွေ့ရတယ်လို့ ပြောပါတယ်။

ထားဝယ်ဒေသအတွင်းမှာ စစ်ကောင်စီတပ်က ဆိုင်ကယ် တစီးမှာ အမျိုးသား နှစ်ယောက် စီးနင်း ခွင့်မပြုဘဲ စီးနင်းတာတွေ့ရင် ပစ်ခတ်ဖမ်းဆီးတာ၊ ဆိုင်ကယ်သိမ်းဆည်းတာတွေ ပြုလုပ်လေ့ ရှိပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးလောက် စခန်းချ နေထိုင်တဲ့ ပန္ဒလဲကျေးရွာမှာ  စက်တင်ဘာ ၁၂ ရက်က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

5 months Ago
Up