close

လူထောင်ချီဆန္ဒပြ

close

December 11, 2022

ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ်နုတ်ထွက်ရန် ဒါကာတွင် လူထောင်ချီဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) က ဦးဆောင်တဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ ဒီဇင်ဘာလ ၁၀ ရက်က ဒါကာမြို့တော်မှာ စုဝေးခဲ့ကြပြီး ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

BNP ပါတီကို ထောက်ခံသူတွေ အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်တာနဲ့  လူနေမှုစရိတ်တွေ မြင့်တက်မှုအတွက် ဟာဆီနာအပေါ် အပြစ်တင်ခဲ့ကြပြီးတော့ အိမ်စောင့်အစိုးရလက်အောက်မှာ ရွေးကောက်ပွဲအသစ်တွေကို ကျင်းပပေးနိုင်ဖို့ ဟာဆီနာကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အထွေထွေရွေးကောက်ပွဲတွေကို ၂၀၂၃ ခုနှစ် မကုန်ခင်အထိ ကျင်းပဖို့ မရှိသေးပါဘူး။ 

ဒီဇင်ဘာ ၇ ရက်က ရဲတပ်ဖွဲ့နဲ့  BNP ပါတီ တက်ကြွလှုပ်ရှားသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ လူ ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မြို့တော် ဒါကာရှိ ပါတီဗဟိုရုံးရှေ့မှာ စုဝေးပြီး လာမယ့်စနေနေ့ ချီတက်ပွဲအတွက် ပြင်ဆင်နေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက ရော်ဘာကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ကြောင်း လည်း ဖော်ပြခဲ့ပါတယ်။

2 mins Ago

October 16, 2022

စလိုဗက်ကီးယားတွင် LGBTQ အရေး လူထောင်ချီဆန္ဒပြ

စလိုဗက်ကီးယားမြို့တော် ဘရက်တစ်စ်လာဗာရဲ့ မြို့လည်ခေါင်မှာ အောက်တိုဘာ ၁၄ ရက်က ထောင်နဲ့ချီတဲ့ လူတွေ စုဝေးခဲ့ကြပြီး နာမည်ကြီး ဂေးဘားတစ်ခုရဲ့ အပြင်ဘက်မှာ လူနှစ်ယောက် အသတ်ခံရပြီးနောက်ပိုင်း LGBTQ အသိုင်းအဝိုင်းနဲ့ တစည်းတလုံးတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။ 

လိင်တူချစ်သူများ အခွင့်အရေးအတွက် လှုပ်ရှားမှုကို ကိုယ်စားပြုတဲ့ သက်တံရောင်အလံတွေ ကိုင်ဆောင်လာသူသူတွေအပါအဝင် ဆန္ဒပြသူတွေဟာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ တေပလာရံန် ဘားရဲ့အပြင်ဘက်မှာ စုရုံးခဲ့ကြပြီးတော့ စလိုဗက်သမ္မတ ဇူဇာနာ ကာပူတိုဗာ လူထုကိုမိန့်ခွန်းပြောတဲ့ စလိုဗက် အမျိုးသားအုံကြွမှု ရင်ပြင်ကို ချီတက်ခဲ့ကြပါတယ်။ 

အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက မြို့လယ်ရှိ Teplaren ဘားအနီးမှာ သေနတ်သမား တယောက်ဟာ လူ နှစ်ယောက်ကို ပစ်သတ်ခဲ့ပြီး တခြား တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်သူလို့ သံသယရှိသူဟာ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက သူ့ဖာသာ သူ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

သံသယရှိ လူသတ်သမားဟာ ဆွေမျိုးတစ်ဦး မှတ်ပုံတင်ထားတဲ့ လေဆာကိရိယာ ပါရှိတဲ့ သေနတ်ကို အသုံးပြုခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ဂျူရာဂျ်ကေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

ဒီသတ်ဖြတ်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် သဘောထားကြောင်း အောက်တိုဘာ ၁၄ ရက်မှာ ထိပ်တန်းအစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့ပါတယ်။

2 months Ago
Up