close

လူနေအဆောက်အအုံ

close

January 15, 2023

ယူကရိန်းရှိ လူနေအဆောက်အအုံ ရုရှားဒုံကျည်ထိမှန်ပြီး ၅ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံအရှေ့အလယ်ပိုင်းရှိ နီပရိုမြို့က လူနေတိုက်ခန်းအဆောက်အအုံတခုကို ရုရှားရဲ့ ဒုံးကျည်တစင်း ထိမှန်ခဲ့တာကြောင့် ကလေးငယ် ၆ ဦးအပါအဝင် လူ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီဒေသရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ ဗာလန်တင် ရက်ဇ်နီချန်ကို က ပြောပါတယ်။ 

“၂၇ ဦး ဒဏ်ရာရရှိတဲ့အထဲမှာမှ ကလေး ၆ ဦး ပါဝင်ပါတယ်။ အာလုံးကို ဆေးရုံမှာတင်ထားတယ်” လို့ သူက အတည်ပြုပြောဆိုခဲ့တာပါ။

ယူကရိန်းနိုင်ငံအရေးပေါ်ဝန်ဆောင်မှုဌာနက ထုတ်ပြန်တဲ့ဗွီဒီယိုထဲမှာလည်း ကယ်ဆယ်ရေး လုပ်သားတွေက ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို အခင်းဖြစ်ရာမှာ ရှာဖွေနေကြတာကို တွေ့ရပါတယ်။ 

အရှေ့အလယ်ပိုင်း နီပရိုမြို့ရှိ လူနေအဆောက်အအုံကြီးတခုရဲ့ အစိတ်အပိုင်းတခုအောက် ပိတ်မိနေတဲ့ လူ ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် အဆောက်အအုံကတော့ အပျက်အစီးပုံ အဖြစ်သာ ကျန်ရှိသလို ကောင်းကင်မှာလည်း မီးခိုလှိုင်းလုံးကြီးတွေကို တွေ့ရကြောင်း ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲဖြစ်သူက ပြောပါတယ်။

ရိုက်တာသတင်းဌာနကတော့ ဗွီဒီယိုထဲမှာတွေ့ရတဲ့ အဆောက်အအုံဒီဇိုင်းပုံစံတွေကို အဲ့ဒီဧရိယာက ဂြိုဟ်တုဓာတ်ပုံတွေ၊ ကိုက်ညီမှုရှိတဲ့ဖိုင်တွေနဲ့ တိုက်ကြည့်ကာ တည်နေရာကို အတည်ပြုနိုင်ခဲ့ တယ်လို့ သိရပါတယ်။ 

1 week Ago

December 17, 2022

ယူကရိန်းတောင်ပိုင်းရှိ လူနေအဆောက်အအုံ ရုရှားဒုံးကျည်ထိမှန်ပြီး ၃ ဦး သေဆုံး

ယူကရိန်းတောင်ပိုင်း ကရီဗီယီရီမြို့ရှိ လူနေအဆောက်အအုံတလုံးကို  ဒီဇင်ဘာ ၁၆ ရက်က ရုရှားဒုံးကျည် တစ်စင်း ထိမှန်ခဲ့ရာမှာ လူ ၃ ဦး သေဆုံးပြီး အနည်းဆုံး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

သူတို့ဖာသာ အိမ်ထဲမှာ ခပ်ရိုးရိုးရှင်းရှင်း နေထိုင်ကြတဲ့ အသက် ၆၄ နှစ် အရွယ် အမျိုးသမီးတဦးနဲ့ လူငယ်စုံတွဲတတွဲ သေဆုံးသွားတာဖြစ်ပြီး သူတို့ရဲ့သားငယ်လေးကတော့ အပျက်အစီးတွေ အောက်ကို ရောက်နေတာလို့ အုပ်ချုပ်ရေးမှူး ဗာလန်တင် ရဇ်နီချန်ကို က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဒွန်းနက်စ်ခ်ဒေသကို သွားရောက်ခဲ့တဲ့ ယူကရိန်း ဒုတိယပြည်ထဲရေးဝန်ကြီး ယက်ဗ်ဟံန်ယဲ့နင် ကလည်း သူ့ခရီးစဉ်အတွင်း ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ရုရှားက ယူကရိန်းကို ဒုံးကျည်အစင်း ၅၀ လောက် ပစ်လွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

“ကျနော်တို့ရဲ့ ဒုံးခွင်းဒုံးစနစ်က အတော်လေး ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ ရုရှားဖက်ဒရေးရှင်းက ပစ်လွှတ်တဲ့ ခရုဇ်ဒုံးကျည် အရေအတွက် များပြားတာကြောင့် အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်”လို့ သူက ပြောဆိုပါတယ်။ 

ရုရှားက ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၇၆ လုံးထဲက ၆၀ ကို ယူကရိန်းစစ်တပ်က ပစ်ချခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်က ဒီဇင်ဘာ ၁၆ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။ 

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံတဝန်း စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက ဒုံးကျည် ဒါဇင်နဲ့ချီပြီး ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး စွမ်းအင်စက်ရုံ ၉ ခုလည်း ပျက်စီးသွားတာကြောင့် တချို့နေရာတွေမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရပါတယ်။

ဆောင်းရာသီကာလမှာလည်း နိုင်ငံအနှံ့ အရေးပေါ် ဓာတ်အားဖြတ်တောက်မှုတွေကို မဖြစ်မနေ ကြုံရဖို့ရှိနေတာပါ။ 

"ကျနော်တို့ရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်တာ၊ ဆောင်းရာသီမှာ ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တာတွေဟာ ယူကရိန်းနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာပဲ " လို့ ယဲ့နင် က ပြောကြားခဲ့ပါတယ်။ 

1 month Ago
Up