close

လေကြောင်းခရီးစဉ်

close

March 1, 2023

အမျိုးအမည်မသိအရာဝတ္ထုကြောင့် ရုရှားလေဆိပ်တွင် လေကြောင်းခရီးစဉ်များပျံသန်းမှု ခေတ္တဆိုင်းငံ့

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ပိုးကာဗာလေဆိပ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက လေယာဉ်ပျံသန်းမှုအားလုံးကို ခေတ္တဆိုင်းငံ့ထားပြီးမှ လေကြောင်းခရီးစဉ်တွေကို ပြန်စခဲ့ရပါတယ်။

ရုရှားမီဒီယာတွေက အတည်မပြုနိုင်တဲ့ ဧရိယာအတွင်း ဒရုန်းလို အမျိုးအမည်မသိ အရာဝတ္ထုတခုအကြောင်း သတင်းပေးပို့ခဲ့လို့ ပျံသန်းမှု ခေတ္တရပ်ဆိုင်းခဲ့တာပါ။

ရုရှားနိုင်ငံရဲ့ ဒုတိယမြို့တော်မှာ လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့ထားရတဲ့ အကြောင်းရင်းကို အစိုးရက မဖော်ပြဘဲ ခရီးစဉ်တွေကို ပိတ်ပစ်တဲ့အကြောင်း အစိုးရရဲ့ တရားဝင် တယ်လီဂရန် ချန်နယ်မှာ ကြေညာခဲ့ပါတယ်။

FlightRadar24 ဝက်ဘ်ဆိုက်က အချက်အလက်တွေအရ စိန့်ပီတာစဘတ်မြို့ဆီ ဦးတည်ပျံသန်းတဲ့ ခရီးစဉ်အများအပြားဟာ အင်္ဂါနေ့အစောပိုင်းမှာ သူတို့ရဲ့ ဦးတည်ရာတွေကို ပြန်လှည့်သွားတာ တွေ့ရပါတယ်။

ဝေဟင်ပိုင်နက် ပိတ်လိုက်တာဟာ စိန့်ပီတာစဘတ်နဲ့ ကလီနင်ဂရဒ်မြို့ဆီ ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေကို ထိခိုက်စေပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းမှာ လေယာဉ်ပျံသန်းမှုတွေ ပြန်စခဲ့ပြီး ပိုးကာဗာလေဆိပ်ရဲ့ ၁၂၄ မိုင် အတွင်း ယာယီ လေပိုင်နက်ပိတ်ပင်မှုကို ဒေသစံတော်ချိန် ၁၂ နာရီမှာ ရုပ်သိမ်းလိုက်တယ်လို့ ရုရှားသတင်းအေဂျင်စီတွေမှာ ဖော်ပြပါတယ်။

အမည်မသိအရာဝတ္ထုတခုကို တွေ့ပြီး ကနဦးပိတ်သိမ်းဖို့ အချက်ပြခဲ့တယ်လို့ မြို့ရဲ့ အရေးပေါ်ဝန်ဆောင်မှုဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး ရုရှားအခြေစိုက် ရီယာနိုဗိုစတီ သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့တာပါ။

ဒီကိစ္စစုံစမ်းစစ်ဆေးဖို့ တိုက်လေယာဉ်တွေ လွှတ်ထားတယ်လို့ ရုရှားအွန်လိုင်း သတင်းဌာနနှစ်ခုက အတည်မပြုနိုင်တဲ့ သတင်းတွေထဲမှာ ဖော်ပြထားပြီး အမျိုးအမည်မသိ အရာဝတ္ထုကို စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်လို့ တရားဝင်မှတ်ချက် ဘယ်သူကမှ မပေးသေးပါဘူး။

5 mins Ago

December 27, 2021

ဂျပန်တွင် နှင်းကျမှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း

ဂျပန်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ဒီဇင်ဘာ ၂၆ ရက်က နှင်းအကြီးအကျယ် ကျဆင်းခဲ့လို့ လမ်းတွေမှာ ယာဉ်ကြော အနှောက်အယှက်ဖြစ်ခဲ့ပြီး လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။

 ဒီဇင်ဘာ ၂၇ မနက်ပိုင်းမှာ နိအိဂါ့တာ့ စီရင်စုနဲ့ ပတ်ဝန်းကျင်ဒေသမှာ နှင်းထု ၉၀ စင်တီမီတာ (၃ပေလောက်အထိ) ကျဆင်းမယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။

 နှင်းတွေ အကြီးအကျယ် ကျဆင်းလို့ ကားတွေ လမ်းတွေပေါ်မှာ သောင်တင်နေနိုင်တယ်လို့ ဂျပန် မိုးလေဝသဌာနက သတိပေးထားပါတယ်။

 ပြည်သူတွေဟာ ဂျပန်ပင်လယ်တလျှောက် မဖြစ်မနေ မဟုတ်ရင် အပြင်မထွက်ကြ ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဂျပန်ရဲ့ အဓိက လေကြောင်းလိုင်း ကုမ္ပဏီကြီးတွေဖြစ်တဲ့ ANA နဲ့ ဂျပန်အဲလိုင်းစ် ကုမ္ပဏီ တို့က ပြည်တွင်းလေကြောင်းခရီးစဉ် စုစုပေါင်း ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ထောင်ချီတဲ့ ခရီးသည်တွေရဲ့ အားလပ်ရက်ခရီးစဉ် အစီအမံတွေအပေါ် သက်ရောက်ခဲ့တယ်လို့ ဂျပန်မီဒီယာတွေ က ဖော်ပြပါတယ်။

1 year Ago
Up