ကရင်နီ(ကယား)ပြည်နယ်စပ်၊ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အနီးမှာ ဧပြီ ၂၆ ရက် ဒီကနေ့မနက်ကစ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက်မသိရသေးပေမယ့် မနက် ၁၁ နာရီလောက်မှာ လွိုင်ကော်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ကားတစီး လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာအနီး ပစ်ခတ်ခံရတဲ့အတွက် ခရီးသည်တွေကို လွိုင်ကော်ဘက် ပြန်လည်ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခရီးသည်တဦးက “မနက် လွိုင်ကော်ကနေအထွက် ဝါရီကောခူမှာ အကျော်မှာ အပစ်ခံရတာပါ။ လက်ရှိမှာတော့ခရီးသည်တွေအားလုံး လွိုင်ကော်ကားဂိတ်ကို ပြန်ပို့ထားပြီးဖြစ်ပါတယ်။ ကားဂိတ်ကနေ ကားထွက်ချိန် ၉ နာရီမှာ တိုက်ပွဲကြောင့် မထွက်ဖြစ်ဘဲ ၁၁ နာရီမှ ထွက်တာဖြစ်တာ။ ၁၂ နာရီမှာပဲ အဝေးပြေးခရီးသည်ယာဥ်အားလုံးနီးပါး ပစ်ခံရတာ”လို့ ပြောပါတယ်။
ဧပြီ ၂၅ ရက် မနေ့မွန်းလွဲ ၁၂ နာရီခွဲလောက်ကလည်း ဖယ်ခုံမြို့နယ်၊ ယင်နွဲ့ကျေးရွာအုပ်စုရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၅ ကြိမ်ထက်နည်းပစ်ခတ်ပြီး ဗုံး ၁၀ လုံးကျော် ကြဲချခဲ့ပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိပြီး အသက် ၄၀ လောက် အရွယ်အမျိုးသမီး မီးနေသည် အမျိုးသမီးတယောက် ဦးခေါင်းမှာ ဒဏ်ပြင်းထန်စွာ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။
သူ့ရဲ့ ၃ ရက်သားအရွယ် ကလေးငယ်လည်း မှန်အိမ်ထဲမှာ ကျန်ခဲ့ပြီး နောက်ပိုင်းမှာ ဒေသခံတွေ သွားရောက်ကယ်ဆယ်ခဲ့ကာ အနီးအနားက ကျေးရွာမှာ စောင့်ရှောက်ထားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာရိုက်တာ ဦးဗညားက ပြောပါတယ်။
“ကလေးလေးက ၃ ရက်သားပဲ ရှိပါသေးတယ်။ သူ့အမေက မနေ့က ထိခိုက်တဲ့အထဲမှာပါသွားတယ်။ ခေါင်းကို ထိတာပေါ့နော်။ ကလေးက မွေးပြီးခါက အသားဝါဝင်တော့ ပေါင်းမှန်ထဲမှာ ထည့်ထားတာပေါ့နော်။ ဗုံးကြဲတော့ မိခင်ကိုထိသွားတယ်။ အဲတော့ အခုမိခင်က အရေးပေါ်ကုသမှုခံယူနေတယ်။ ခေါင်းကိုဒဏ်ရာရတဲ့အတွက် အခြေအနေပြင်းထန်လို့သိရတယ်။ ကလေးလေးက အဲဒီအနီးအနားရှိတဲ့သူတွေက ခဏစောင့်ရှောက်ထားတယ်လို့သိရတယ်။”
ဧပြီ ၂၄ ရက်ကလည်း စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် ဒေါဒမကြီး ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံတခုလုံး ပျက်စီးသွားခဲ့ပါတယ်။ အဆိုပါဆေးရုံမှာ လူနာမရှိတဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။
ကရင်နီဒေသမှာ မတ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်နေသလို အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကရင်နီပြည် လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
“မနက် ၉ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ၃ ကြိမ် မိုးဗြဲနားမှာလာပြီး ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ အဲတော့ကျနော်တို့ပြည်နယ်ထဲမှာ စစ်ကောင်စီရဲ့ထိုးစစ်တွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများလာတာပေါ့နော်။ အဲတော့ ကျနော့်အနေနဲ့ တိုက်ပွဲအတွင်း ဗုံးကြဲတိုက်ခိုက်တာက ပြောစရာမရှိပေမဲ့ လူထုပစ်မှတ်တွေကို စစ်ကောင်စီက ပိုပြီးမှ ပစ်မှတ်ထား တိုက်ခိုက်လာတယ်။ မနေ့က နောက်ဆုံး ဆောင်းဖွေးမှာဖြစ်တဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် ဒီဟာက အရမ်းကို ဆိုးဝါးတဲ့ နောက်လူအခွင့်အရေးချိုးဖောက်မှုတရပ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ လူကိုထိခိုက်ဒဏ်ရာရ သေဆုံးမှုအထိဖြစ်တဲ့ဟာ မကဘဲ လူထုတွေပေါ်မှာ ခြိမ်းခြောက်မှုတွေကို ဆက်တိုက်လုပ်လာတယ်။ အဲတော့ လူထုတွေက အဲဒီနေရာမှာမနေရဲတော့ဘဲ အသစ်နေရာ အသစ်အသစ်တွေ ထပ်ရွှေ့တဲ့အတွက်ကြောင့်မို့လို့ လူထုတွေရဲ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပျက်စီးကုန်တယ်။ ကျန်းမာရေးခက်ခဲသွားတယ်။ ပညာရေးခက်ခဲသွားတယ်။ စားဝတ်နေရေးပိုကျပ်တည်းသွားတယ်။ လူမှုသဟဇာတတွေ ပျက်စီးသွားရတာပေါ့နော်။ ဒီဟာဆိုးဝါးတဲ့ လူ့အခွင့်အရေးတရပ်သို့မဟုတ် လူသားမျိုးနွယ်တွေအပေါ်မှာ ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေပေါ့နော်။”
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။
ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ပြည်သူ ၃၂၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ် ၂၀ ရက် ညနေ ၅ နာရီခွဲလောက်မှာ တိုက်လေယာဉ်တွေနဲ့ ၉ ကြိမ်လောက် လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံး ၂၈ လုံး ထက်မနည်းကြဲချခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ဒေသခံပြည်သူလူထု နေအိမ် ၅ လုံးနဲ့ မူလတန်းကျောင်း ၁ ကျောင်း မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေပြီး ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခိုလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေပြီး တဆက်တည်းမှာပဲ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေပိုမို တင်းကျပ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေဆီကို အကူအညီပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး လူဦးရေ ၁၇ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ UNOCHA က ပြောပါတယ်။
အခု ၂၀၂၃ ခုနှစ် ပထမ ၂ လတာအတွင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၅၄,၀၀၀ လောက် ရှိခဲ့ပြီး တောတောင်တွေထဲမှာ နေထိုင်နေကြရကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ရေတွက် ရင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၁ ဒသမ ၄ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရ သူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။