close

လျှပ်စစ်မီးဖြတ်

close

December 19, 2022

ကလေးမြောက်ပိုင်းရှိ ရွာ ၄ ရွာကို လျှပ်စစ်မီးဖြတ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း ရေဆန်ကျွန်းဘုရားတောင်ခြေရင်းမှာတည်ရှိတဲ့ ကျေးရွာ ၄ ရွာကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ကျီကုန်းကျေးရွာအတွင်းရှိ ထရမ်စဖော်မာက ကြိုးတွေကို လျှပ်စစ်ရုံးဝန်ထမ်းတွေက စစ်ကောင်စီတပ်သား လုံခြုံရေးအင်းအား အပြည့်နဲ့လာရောက် ဖြတ်တောက်သွားတာလို့ ကျီကုန်း‌ကျေးရွာသားတဦးက ပြောပါတယ်။

ကျီကုန်း၊ ချောင်းနီကို၊ ကျောက်ကာနဲ့ နတ်ကြီးကုန်းရွာတွေဟာ စစ်တပ်စခန်းနဲ့ နီးကပ်နေပေမဲ့ ဒေသခံအများစုကတော့ စစ်ကောင်စီကို ထောက်ခံသူတွေ မဟုတ်ဘူးလို့ သိရပြီး စစ်ကောင်စီ ထောက်ခံတဲ့  အင်ဒိုင်းကြီးနဲ့ အင်ဒိုင်းလေးရွာတွေကိုတော့ လျှပ်စစ်မီး ဖြတ်တောက်တာ မရှိဘူးလို့ ဆိုကြပါတယ်။

ကျီကုန်းရွာသူ တယောက်က "မီးက မနေ့ညနေက လာဖြတ်ကြတာ။ အဲဒီအချိန်က စပြီး မီးပြတ်သွားတာပါ။ မီတာကြေးတွေ ပေးကြဖို့ ပြောတယ်။‌ မီတာကြေးပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ၁၀ ဦး တတွဲစီ တွဲပေးထားတယ်။ သူတို့ မီတာကြေး လာကောက်ရင် ပေးဖို့ အဆင်သင့်ပါပဲ။ ဒါကို ဘာလို့ မီးလာဖြတ်သွားလည်း မသိဘူး" လို့ ပြောပါတယ်။

ရွာ ၄ ရွာကို မီးဖြတ်တောက်မှုနဲ့ပတ်သက်လို့ မြို့နယ်လျှပ်စစ်ရုံးက တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းခဲ့ရမှာတော့ ခရိုင်လျှပ်စစ်ဌာနကိုသာ မေးမြန်းဖို့နဲ့ မြို့နယ်လျှပ်စစ်ရုံးက သေချာမသိရှိဘူးလို့ ဆိုပါတယ်။

9 mins Ago

October 29, 2022

မီတာခ မဆောင်သည့် မြင်းခြံနှင့်ဆီးမီးခုံ ရပ်ကွက်ကျေးရွာများကို လျှပ်စစ်မီးဖြတ်

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ငါ့နန်းကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၃ ရွာကို အောက်တိုဘာ ၂၆ ရက်ကနေ ၂၉ ရက်အထိ မီတာခ မဆောင်တာကြောင့် စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက် ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးဖြတ်ခံရတဲ့ရွာတွေကတော့  ငါ့နန်းကျေးရွာ၊ မြစ်သာကျေးရွာနဲ့ ညောင်ပင်သာကျေးရွာတွေ ဖြစ်တယ်လို့လည်းသိရပါတယ်။

ငါ့နန်းဒေသခံကရွာသားတဦးက “မီတာ‌ကြေး မဆောင်လို့ မီးဖြတ်တာ ခံနေရတာပါ။ မီးစဖြတ်တာက အောက်တိုဘာ ၂၆ ရက် မနက်ခင်းက ၇ နာရီကနေ ဖြတ်သွားတာ ဒီနေ့အထိပဲ။ မီးမလာတော့ ထမင်းချက်တာတွေ၊ သောက်ရေ၊ သုံးရေနဲ့ တိရစ္ဆာန်အစာကျွေးဖို့ သုံးရေတွေ လတ်တလော ခက်ခဲနေတယ်။ ရေရှည်ဆိုရင်တော့ အတော်လေးခက်ခဲလိမ့်မယ်”လို့ ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်လည်း ဆီးမီးခုံမြို့ပေါ်က ရပ်ကွက် ၄ ခုမှာ စစ်ကောင်စီက အခုလို လျှပ်စစ်မီးဖြတ်ကာ မီတာကြေး ကောက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီမီးခုံဒေသခံက “မီးဖြတ်ပြီး မီတာစာရွက်တွေလိုက်ဝေတယ်။ အဲဒီလို မီတာစာရွက်ဝေပြီး လျှပ်စစ်ရုံးကို ၁၅ ရက်အတွင်း မီတာ လာဆောင်ဖို့ ပြောတယ်။ မီတာ မဆောင်ရင် ထပ်ပြီး မီးဖြတ်ထားမယ်လို့ ပြောတယ်။ မီတာကြေး ၁ သိန်းကျတဲ့ သူဆိုရင် ၅သောင်းဆောင်ချင်လည်း ရတယ်။ အကျေ ဆောင်ရင်လည်း ရတယ်လို့ပြောတယ်။ ဆီမီးခုံကတော့ သွားဆောင်တဲ့သူတွေလည်း ရှိသလို မဆောင်သူတွေလည်း ရှိတယ်။ ဆောင်တဲ့သူတွေ ရှိတော့ အခု မီးကတော့ ပြန်ရနေ‌ပြီ”လို့ ပြောပါတယ်။

အခုမီးဖြတ်ခံရထားရတဲ့ ငါ့နန်းကျေးရွာအုပ်စုမှာ ငါ့နန်းရွာရဲ့အိမ်ခြေက ၃၀၀ ကျော်၊ မြစ်သာကျေးရွာဟာ အိမ်ခြေ ၁၅၀ ကျော်နဲ့ ညောင်ပင်သာကျေးရွာက အိမ်ခြေ ၈၀ ကျော် ရှိတဲ့ ကျေးရွာတွေဖြစ်ကာ အဓိက လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

2 months Ago
Up