ယနေ့ အိန္ဒိယသတင်းစာနှင့် မီဒီယာများတွင် ပွဲဆူသွားစေသည်က ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများထွက်လာခဲ့ပြီး ထိုဓာတ်ပုံများထဲတွင် ကိုကိုးကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အသစ်ထပ်မံဆောက်လုပ်နေသည်ကို တွေ့လိုက်ရ၍ပင်ဖြစ်သည်။ ယင်းသည် တရုတ်တို့အတွက် စပိုင်စခန်း ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။
ထိုဓာတ်ပုံ၏ အလယ်တည့်တည့်တွင် အသစ်စက်စက် လေယာဉ် သိုလှောင်ရုံနှစ်ခုကို တွေ့ရသည်။ မြောက်ဘက်တွင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားရှည်ကြီး တခုနှင့် ရေတပ် သင်္ဘောများ အဝင်အထွက်များ တွေ့ရသည်ဟု ဆိုသည်။
ထို့ပြင် လေယာဉ်ပြေးလမ်း၏ အရှည်အားလည်း ယခင် ၁,၃၀၀ မှ မီတာ ၂,၃၀၀ အထိ ထပ်မံ တိုးချဲ့ထားသည်၊ ယခုကိစ္စအား လန်ဒန်ရှိ ချာတန်ဟောက်စ် တွေးခေါ်မြော်မြင်ရေးအဖွဲ့ကြီးမှ စတင် ဖော်ထုတ်လာခဲ့ခြင်း ဖြစ်သည်။
ထိုအဖွဲ့ကြီး၏ အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် တရုတ်နှင့် ပေါင်းပြီး ရေတပ် ထောက်လှမ်းရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်တပ်အား မြို့ကြီးများရှိ ၎င်းတို့နိုင်ငံသားများအား စောင့်ကြည့်ထောက်လှမ်းနိုင်ရန် နည်းပညာ အကူအညီနှင့် ပစ္စည်းများ ထောက်ပံ့ထားပြီးဖြစ်၍ ကိုကိုးကျွန်းကိစ္စသည် မဖြစ်နိုင်စရာ မရှိဟု ရေးသားထားသည်။
တရုတ်သည် စစ်အခြေစိုက်စခန်း မဟုတ်သည့်တိုင် ယခုလို ကြားဖြတ် နားထောင်နိုင်သည့် listening post ရှိနေလျှင်ပင် မဟာဗျူဟာအရ အိန္ဒိယသမုဒ္ဒရာတွင် လုံးဝ အသာစီးရရှိသွားပြီး ကပ္ပလီကျွန်းစုများရှိ အိန္ဒိယ ကြည်း၊ ရေ၊ လေ စစ်ဌာနချုပ်အား ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။
မြန်မာအလံလွှင့်ထူထားသော ငါးဖမ်းသင်္ဘောများကို အိန္ဒိယဘက်မှ ကြားဖြတ်ဟန့်တားသည့် အခါတိုင်း သင်္ဘောပေါ်တွင် ရေဒီယိုနှင့် သမုဒ္ဒရာအောက် ရေငုပ်သင်္ဘောရှာကိရိယာများနှင့်အတူ တရုတ်နိုင်ငံသားများကို မကြာခဏဆိုသလို တွေ့ရှိရသည်ဟု ဆိုသည်။
အိန္ဒိယသည် ထိုကိစ္စအပေါ် ကာလကြာမြင့်စွာကတည်းက သံသယရှိနေပြီး တဖြည်းဖြည်းနှင့် စိုးရိမ်စရာ ဖြစ်လာနေသည်။ စစ်တပ်က အိန္ဒိယအပေါ် နိုင်ကွက်ရနေသည့်အရေးဖြစ်ပြီး မြန်မာ စစ်တပ်အပေါ် လိုက်လိုက်လျောလျော ဆက်ဆံနေခြင်း၏ အကြောင်းရင်းများထဲတွင်လည်း တခုအပါအဝင် ဖြစ်သည်။
အိန္ဒိယအစိုးရသည် ထိုကိစ္စအပေါ် ဖုံးဖုံးဖိဖိ လုပ်ထားသော်လည်း ယခုအခါတွင်တော့ လန်ဒန် ချာတန်ဟောက်စ်၏ အထောက်အထားများကြောင့် စစ်တပ်နှင့် အိန္ဒိယ ဆက်ဆံရေးသည် ထိခိုက်သွားနိုင်ဖွယ် ရှိနေသည်။
လက်ရှိတွင် မင်းအောင်လှိုင်သည် သမ္မတဖြစ်ရေး ရည်မှန်းချက်၏ တစိတ်တပိုင်းအဖြစ် သူ၏ အာဏာကို အခိုင်အမာတည်ဆောက်နိုင်ရေးအတွက် တပ်လက်ကိုင်ရှိသူများအား ဖယ်ထုတ်ခြင်း၊ အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်လာနေပြီ ဖြစ်သည်။
ကရင်ပြည်နယ်ဆိုင်ရာ အထူးစစ်ဆင်ရေးဗျူရို အမှတ် (၄) မှ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးခင်လှိုင်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်၊ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင် အကြီးအကျယ် အရေးနိမ့်နေ၍ ဖြစ်သည်။ ခင်လှိုင်သည် ယမန်နှစ်က ထုတ်ပယ်ခံခဲ့ရသော ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် ပြီးလျှင် ဒုတိယမြောက် ဖြစ်သည်။ ခင်လှိုင်နေရာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ညွန့်ဝင်းဆွေအား ဒုဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ကာ ပြောင်းရွှေ့ ခန့်ထားလိုက်သည်။
ဗိုလ်ချုပ်မြတ်သက်ဦးသည်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ရွှေ့ပြောင်းခံရပြီး သူ့နေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှုး ဗိုလ်မှူးချုပ်စိုးမင်းနှင့် အစားထိုးလိုက်သည်။ မြတ်သက်ဦး နေရာတွင် နေပြည်တော်မှ ဗိုလ်ချုပ်ဇော်ဟိန်းမှ တာဝန်ယူမည်ဖြစ်ပြီး သူ့နေရာတွင် ဗိုလ်မှူးချုပ်ဝေလင်း အား ခန့်ထားလိုက်သည်။
မင်းအောင်လှိုင် လက်အောက်တွင် ဗိုလ်ချုပ်များ ဖောခြင်းသောခြင်း ခန့်ထားသော်လည်း ယခုလို အခြေအနေဆိုးမျိုးမှ ရုန်းထွက်နိုင်ရန် အရည်အချင်း မရှိသူများချည်း ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့အဖို့ မင်းအောင်လှိုင်ကြောင့် သက်သောင့်သက်သာ အေးအေးဆေးဆေးဖြင့် အခွင့်ထူးခံ နေလာရသည့် ဘဝများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ လက်စွမ်းပြနိုင်ခဲ့ကြသည့် အဖြစ်ကို ထန်တလန်မြို့ ပြာပုံဘဝ ရောက်သွားခဲ့သည်က သက်သေခံနေပြီ ဖြစ်သည်။ ၂၀၂၃ နှစ်ထဲတွင် လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များကို အကြိမ် ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြပြီး ဖြစ်သည်ဟု RFA သတင်းတွင် ဖော်ပြထားသည်။ နောက်ဆုံးအကြိမ် တိုက်ခိုက်မှုတွင် အသက် ၆ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် နှစ်ဦး သေဆုံးသွားခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် မည်သို့မျှ အကြောင်းမရှိဘဲ တမင်တကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦးက ဆိုသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်တပ်ဆင်နွှဲနေသော ပြည်တွင်းစစ်ကြီးတွင် ထိုသို့ ပြာပုံဘဝ ရောက်ခဲ့ရသည့် မြို့ တမြို့တလေမျှ မရှိခဲ့ဖူး၍ စစ်ခေါင်းဆောင်များ အရည်အချင်း မည်မျှ ရှိသည် ဆိုသည်က သိသာနေပြီ ဖြစ်သည်။
၎င်းတို့ကြောင့် တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံခန့်သည် သေရေးထက် ရှင်ရေးက ပို၍ ခက်ခဲလာနေပြီး အသက်တချောင်းကို ကုပ်ကပ်မွေးမြူနေကြသည့်အဖြစ် ဆိုက်ရောက်နေပြီ ဖြစ်သည်။
ချင်းတိုင်းရင်းသားများအပေါ် ထိုသို့ လူစိတ်ပျောက်ကာ တိရစ္ဆာန်ထက်ပင် ယုတ်ညံ့စွာ တွေးခေါ် ပြုကျင့်နေကြသည့် အဖြစ်ကိုတော့ ကျွန်တော်အဖို့ ရင်နာ၍ မဆုံးနိုင်တော့ပေ။
၎င်းတို့အပေါ် ပြည်သူများ စိတ်ထဲတွင် မည်သို့မျှ မကျေနိုင်တော့သည့် မုန်းတီးရွံရှာနေသည့် အစိုင်အခဲကြီးများ မည်မျှအထိ ကြီးထွားနေကြပြီ ဆိုသည်ကလည်း မပြေဘဲနှင့် သိသာနေပြီ ဖြစ်သည်။ ထိုသို့သော လူများကို ညံ့ဖျင်းမိုက်မဲလှသောလူများကလွဲ၍ မည်သူကကော အစိုးရ တရပ်ဟူ၍ အသိအမှတ်ပြုကြပေမည်နည်း။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ
မင်းအောင်လှိုင်နှင့် အာဏာသိမ်းအဖွဲ့သည် ဝံပုလွေကိုကြောက်၍ အသက်ရှင်နေသမျှ ကာလပတ်လုံး ကျီးလန့်စာစားနှင့် နေကြရပြီး နောက်ဆုံးတွင် သိုးထိန်းသမား၏ လက်ချက်ဖြင့် နိဂုံးချုပ်သွားရပေတော့မည့် သိုးငယ်လေးများပမာ ဖြစ်နေသည်ဆိုသော တောင်အာဖရိက စကားပုံအတိုင်း ဖြစ်နေပေသည်။
သို့သော် နိုင်ငံတကာတွင် မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ဘူးလုံးနားမထွင်း ထင်မြင် ယူဆမှုများ ရှိနေသည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ ဘီလီဖို့ဒ်က ယခုလို ထောက်ပြထားသည်။
(၁) စစ်တပ်သည် အဆုံးသတ်တွင် အာဏာကို အခိုင်အမာ တည်ဆောက်လာနိုင်မည်။
(၂) ထိုသို့မဟုတ်က အုပ်ချုပ်ရေးတွင် ၎င်းတို့ကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရှိသူ ထွက်မလာဘဲ အလုံးစုံ ပြိုလဲသွားမည့် failed state ဖြစ်သွားနိုင်သည်။
(၃) စစ်တပ်က ရေရှည်ထိန်းချုပ်ထားနိုင်ခြင်းကို လိုလားပြီး တည်ငြိမ်မှု ရှိလာမည်။ အစရှိသည်တို့ ဖြစ်သည်။
ထိုသို့ အယူအဆရှိသူများသည် စစ်တပ်က နောက်ဆုံးတွင် ထိန်းချုပ်သွားနိုင်မည်ဟု ယုံကြည်နေပြီး လက်ရှိ အကြမ်းဖက်သတ်ဖြတ်နေမှုများကို တုံဏှိဘာဝေ လုပ်နေကြခြင်းသာ ဖြစ်သည်။
သို့သော် လက်ရှိအနေအထားသည် ၎င်းတို့အား ဆန့်ကျင်တွန်းလှန်နေမှုများက အင်အားကောင်းသည်ထက် ကောင်းလာနေပြီး ၎င်းတို့ အရေးနိမ့်မည်ဟု ယုံကြည်မှသာ စစ်တပ်သည် နိုင်ငံရေးအရ အဖြေရှာနိုင်အောင် ဆွေးနွေးပွဲများ လုပ်လာမည်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လာအောင် မလုပ်ဘဲ စစ်တပ်ကို ဆက်၍ ထောက်ခံနေခြင်းသည် ပြဿနာကို ရှည်ကြာသည်ထက် ကြာအောင် ပြုလုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
(၁) စစ်တပ်သည် အဆုံးသတ်တွင် အာဏာကို အခိုင်အမာ တည်ဆောက်လာနိုင်မည်လော။
စစ်တပ်၏ လက်ရှိအနေအထားကို ကြည့်မည်ဆိုလျှင် ၁၊ ရိက္ခာများကိုပင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ မိုင် ၃၀ အကွာကိုပင် ရဟတ်ယာဉ်ဖြင့် ချပေးနေရသည်။ ၂၊ စစ်သားများ၏ ဇနီးသားသမီးများကိုပင် လက်နက်တပ်ဆင်ပေးလာရသည်။ ၃၊ စစ်တက္ကသိုလ်သည်လည်း ယခင် သင်တန်းသား အရေအတွက်၏ အနည်းငယ်မျှလောက်သော အရေအတွက်ကို လေ့ကျင့်သင်ကြားပေးနေရသည်။ ၄၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ခုခံနိုင်ရန်ဆိုကာ ၎င်းတို့သစ္စာခံ အရပ်သားများကို ဝါးချွန်များ ထုတ်ပေးနေရသည်။
စစ်တပ်၏ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျင့်သုံးလာသည့် မည်သို့မျှ ခေတ်မမီတော့သော ဖြတ်လေးဖြတ်ဗျူဟာသည် အဆုံးတွင် အောင်ပွဲခံလိမ့်မည်ဟု မည်သို့များ ယုံကြည်စရာ ရှိပေမည်နည်း။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တသက်လုံး ထိုနည်းကိုသာ ကျင့်သုံးလာခဲ့ရာ မအောင်မြင်သည့်အပြင် ပို၍ပင် အင်အားကောင်းသည်ထက် ကောင်းလာနေသည် မဟုတ်ပါလော။
(၂) အုပ်ချုပ်ရေးတွင် ၎င်းတို့ကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရှိသူ ထွက်မလာဘဲ အလုံးစုံ ပြိုလဲသွားမည့် failed state ဖြစ်သွားမည်လော။
ယင်းသို့ စိုးရိမ်မကင်း ဖြစ်သင့်သော်လည်း လက်ရှိ ရှေ့မတိုး နောက်မဆုတ် အနေအထားသည် failed state အနေအထားသို့ ဦးတည်နေပြီဖြစ်သည်။ မည်သည့်ဘက်ကမှ အနိုင်ရရှိလာနိုင်စရာ မရှိက မြန်မာပြည်သူများသာ ဆက်၍ ဒုက္ခပင်လယ်ဝေနေရဖို့သာ ရှိသည်။
ထိုသို့ failed state ဖြစ်မည်ဟု ထင်မြင်ယူဆနေသူများသည် လက်ရှိအနေအထားအတိုင်း မဖြစ်နိုင်ဘဲ စစ်တပ်ပြိုလဲသွားမှသာ ဖြစ်နိုင်သည်ဟု သုံးသပ်နေသူများသာ ဖြစ်သည်။ ထိုအယူအဆနှင့် လက်ရှိ စစ်တပ်ကျူးလွန်နေမှုများကို သည်းညည်းခံနေကြခြင်း သို့မဟုတ် အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားအောင် လုပ်လိုစိတ် မရှိကြခြင်းတို့ တွေ့လာရသည်။ သို့သော် လက်ရှိအနေအထားသည် မည်သူမျှ မလိုလားသည့် failed state အဖြစ် ဦးတည်နေပြီကို ရှင်းလင်းစွာ ရှုမြင်ဖို့ လိုနေပေသည်။
(၃) စစ်တပ်မှ ရေရှည်ထိန်းချုပ်ထားနိုင်လာပါက တည်ငြိမ်မှု ရှိလာမည်လော။
စစ်တပ်သည် အလိမ်အညာရွေးကောက်ပွဲ ပြုလုပ်ပြီး အရပ်သားအစိုးရ ထွက်ပေါ်လာသည်နှင့် ၎င်းတို့အား ခုခံတွန်းလှန်နေမှုများ ချုပ်ငြိမ်းသွားမည်၊ စစ်ပွဲသည် အဆုံးသတ်သွားလိမ့်မည်ဟု စိတ်ကူးတွက်ဆနေသူများလည်း ရှိနေသည်။ မချုပ်ငြိမ်းဘဲ အားနည်းသွားခဲ့မည် ဆိုလျှင်ပင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များသည် ယခုလို စစ်ပွဲတွင် လိုက်နာရမည့် စည်းကမ်း၊ တာဝန်ခံမှုများကို ဂရုစိုက်နေကြတော့မည် မဟုတ်။ စစ်တပ်က ၎င်းတို့အား လက်နက်ဖျက်သိမ်းခြင်း၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကို ဖျက်သိမ်းခြင်းများ လုပ်နိုင်မည်ဟု ထင်နေခြင်းသည် မထော်တနန်း အတွေးအခေါ်များသာ ဖြစ်သည်။ ထိုသို့ လုပ်နိုင်စွမ်းရှိသူများသည် ပြည်သူ့ထောက်ခံမှုရထားသည့် ဒီမိုကရေစီလိုလားသည့် အစိုးရမျိုးသာ ဖြစ်ပေလိမ့်မည်။
နောက်ထပ်တချက်က ဝီရသူကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုပင် ဆုတံဆိပ်များပေးပြီး မြှောက်စားနေသည်ကို ကြည့်က ၎င်းတို့ ဆက်၍ ထိန်းချုပ်သွားနိုင်သည်နှင့်အမျှ မွတ်ဆလင် ဆန့်ကျင်ရေး လူမျိုးရေးအဓိကရုဏ်းများ ပို၍ပင် ဖြစ်လာပေဦးမည်။
ရေရှည်တွင် လူထုထိခိုက်လာမည့်အရေးက ပြီးခဲ့သည့် ၂ နှစ်ကထက် ပို၍ပင် ဆိုးဝါးလာတော့မည် ဖြစ်သည်။ တိုင်းပြည်ကို တံခါးပိတ်ပြီး တရုတ်၊ ရုရှား တို့၏ ရွှေစိတ်တော် အညှိုးမခံဘဲ မျက်နှာကြည့် ဆက်ဆံသွားနေသရွေ့ စီးပွားရေး ပျက်သုဉ်းလာမှုသည် မည်သို့မျှ နာလန်ထူလာဖွယ် မရှိတော့ဘဲ ရေရှည်ကြုံတွေ့သွားရတော့မည့် အကျပ်အတည်းကြီး ဖြစ်လာပေလိမ့်မည်။
စစ်ခေါင်းဆောင်များသည် အယူသည်းသူများ ဖြစ်နေသည့်အပြင် အရည်အချင်းလည်းမရှိ ဖြစ်နေသည်ကို ယခုပင် အထင်အရှား တွေ့နေရသည်။ အကျိုးအမြတ်မရှိသော နိုင်ငံပိုင် လုပ်ငန်းများကို ပြန်၍ အသက်သွင်းလာနေခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းအား ပုံသေ သတ်မှတ်လာခြင်း၊ အနောက်တိုင်းယဉ်ကျေးမှုဆိုကာ ပိတ်ပင်လာခြင်း၊ မြေယာများကို အလုံးအရင်း သိမ်းယူလာခြင်းများကို ကြည့်မည်ဆိုက နိုင်ငံရေးအာဏာကို ချုပ်ကိုင်ပြီး ရှေ့လျှောက် ၎င်းတို့မိသားစုများ ကြွယ်ဝချမ်းသာရေးကိုသာ ဦးတည်မည့် အကျင့်ပျက် ခြစားမည့် kleptocratic အစိုးရမျိုးသာ တည်ဆောက်သွားရန် ပြင်ဆင်နေသည်ကို တွေ့နိုင်ပေသည်။ (အသစ်အဆန်း ထွင်လာသည့် လျှပ်စစ်ကား တင်သွင်းခြင်းကိုပင် မင်းအောင်လှိုင်သည် သမီးဖြစ်သူနှင့် လုပ်ငန်းဆက်စပ်နေသော ကုမ္ပဏီကိုသာ ချပေးခဲ့သည်။)
ခေတ်သစ် မြန်မာသမိုင်းတွင် မကြုံစဘူးအောင် ပြည်သူတို့ စည်းလုံးလာနေမှုကို တုံ့ပြန်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေး၊ စီးပွားရေး၊ နယ်မြေပိုင်ဆိုင်ခွင့်များဖြင့် တော်လှန်ရေးမှ ခွဲထုတ်ရန် ကြံစည်လာကြသည်။ သို့သော် စစ်တပ်အင်အား ပျော့လာသည်ကို ကြည့်ပြီး ထိုမျှနှင့် တင်းတိမ်တော့မည်မဟုတ်ဘဲ တစိတ်တပိုင်း လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် စိတ်ကူးများ ပေါ်လာနေသည်ကို တွေ့ရသည်။ ဤသို့ဖြင့် အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးများသည် ပို၍ပင် အလှမ်းကွာဝေးသွားပေတော့မည်။
ယခုပင် တရုတ်လူဆိုးဂိုဏ်းများသည် စစ်တပ်မှ အုပ်ချုပ်ပိုင်ခွင့်ပေးထားသော နယ်မြေများရှိ ဒေသခံ လက်နက်ကိုင်အဖွဲ့များနှင့် ပလဲနံပသင့်အောင်လုပ်ပြီး အလျှိုလျှို ပေါ်လာနေပြီ ဖြစ်သည်။ ထိုအဖြစ်များမှ ရုန်းထွက်နိုင်ရန် ရွေးချယ်စရာ နှစ်လမ်းသာ ရှိပေသည်။
(၁) တော်လှန်ရေးတပ်ဖွဲ့များသည် ပိုမိုအင်အားတောင့်တင်းလာပြီး ယခုထက်ပို၍ တသွေးတည်း တသားတည်း ဖြစ်လာခြင်း။
(၂) စစ်အာဏာသိမ်းအဖွဲ့သည် စစ်ရေးအရ မည်သို့မျှ အောင်မြင်နိုင်စရာ အကြောင်းမရှိဘဲ စေ့စပ်ဆွေးနွေးလာရခြင်းတို့ပင် ဖြစ်သည်။
ထိုသို့ ဆွေးနွေးရာတွင်လည်း ၎င်းတို့အား နိုင်ငံရေးတွင် မည်သို့သောအခန်းကဏ္ဍမျိုးမှ ထည့်သွင်းစဉ်းစားလက်ခံခြင်း မပြုမှသာ ဖြစ်ပေမည်။ လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပြီး ထုတ်ပြန်ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းပါ လမ်းပြမြေပုံပင်ဖြစ်သည်။
ထိုလမ်းပြမြေပုံဖြင့်သာ အကြမ်းဖက်မှုများ ချုပ်ငြိမ်းပြီး မြန်မာပြည်သူများ ငြိမ်းချမ်းစွာ တစည်းတလုံးတည်း နေထိုင်သွားနိုင်ပေလိမ့်မည်။
ထိုသို့ဖြစ်လာအောင် နိုင်ငံတကာအနေဖြင့် စစ်အာဏာသိမ်းအဖွဲ့သည် လက်ရှိ အနေအထားအတိုင်း သက်သောင့်သက်သာ ဆက်နေသွား၍ မဖြစ်တော့အောင် လက်နက်များ ပံ့ပိုးပေးခြင်း၊ ၎င်းတို့၏ အလိမ်အညာ ရွေးကောက်ပွဲအား ထောက်ခံခြင်း၊ နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းနှင့် လက်ရှိ အချိန်မတန်သေးသည့် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ဖြစ်အောင် တွန်းအားပေးခြင်းများကို ရှောင်ကြဉ်ရပေလိမ့်မည်။
မြန်မာအား အမှန်တကယ် ငြိမ်းချမ်းလိုစိတ်ရှိသည်ဆိုက အထက်ပါအချက်များကို အခြေခံ၍သာ ပြုလုပ်သွားရမည် ဆိုသည်ကို သတိချပ်ရပေလိမ့်မည်ဟု ဆောင်းပါးတွင် နိဂုံးချုပ် ရေးသားထားသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
လှစိုးဝေ
Ref: “Support for Myanmar’s Junta Only Prolongs the Country’s Conflict” BY: Billy Ford (USIP)