ယူကရိန်းကို ရုရှားကျူးကျော်စစ်တိုက်တဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံ ဝါဆော မြို့မှာ ဆန္ဒပြသူတွေဟာ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားသံရုံးရှေ့ အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
မနက်အစောပိုင်း ဆန္ဒပြပွဲအတွင်း သံရုံးအပြင်ဘက်ရှိ အလုပ်သမားတွေ နေထိုင်ရာ အဆောက်အဦ အပြင်ဘက်မှာ ဥသြသံ ထွက်ပေါ်လာပြီး ဆန္ဒပြသူတွေက ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြ ပါတယ်။
အနောက်နိုင်ငံ စစ်ဘက်အရာရှိတွေကတော့ စစ်ပွဲအတွင်း နှစ်ဘက်စလုံးက အသေအပျောက် များပြီး သေဆုံးသူ ဒါမှမဟုတ် ဒဏ်ရာရသူပေါင်း ၁ သိန်းကျော်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
သောင်းနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးမှာကိုလည်း စိုးရိမ်နေရပြီးတော့ သန်းနဲ့ချီတဲ့ ပြည်သူတွေ လည်း စစ်ပွဲတွေကြောင့် ထွက်ပြေးနေရပါတယ်။
ယူကရိန်းရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ပိုလန်ဟာ တင့်ကားတွေ အပါအဝင် ယူကရိန်းကို အကြီးစား စစ်လက်နက်ပစ္စည်းတွေ ပေးလှူဖို့ ဥရောပ မဟာမိတ်တွေကို ဆွဲဆောင် စည်းရုံးရာမှာ အရေးပါတဲ့ နိုင်ငံဖြစ်ပြီး ဒီလှုပ်ရှားမှုကို မကြာသေးခင်ကာလအထိ နိုင်ငံအများအပြားက ကန့်ကွက်ထား ပါတယ်။
ပိုလန်နိုင်ငံဆီ အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဖေဖော်ဝါရီ ၂၂ ရက်က ဝါဆောမြို့လယ်မှာ လူထုက စုဝေးဆန္ဒပြရင်း ယူကရိန်းနိုင်ငံဆီ တိုက်လေယာဉ်တွေ ပို့ဖို့ တောင်းဆိုခဲ့ကြပါတယ်။
သမ္မတဘိုင်ဒန် တည်းခိုတဲ့ ဟိုတယ်နဲ့ မျက်နှာချင်းဆိုင်မှာ ဆန္ဒပြသူ တစ်ဒါဇင်လောက် စုဝေးခဲ့ကြပြီး "မစ္စတာ ဘိုင်ဒန်၊ ယူကရိန်းနိုင်ငံဆီ F-16 ပေးပို့ပါ" လို့ ရေးထားတဲ့ စာတန်းကြီးတစ်ခု ကိုင်ဆောင်လာခဲ့ ကြပါတယ်။
အူရိုမေဒန်ဗာဇာဗာအဖွဲ့က တက်ကြွလှုပ်ရှားသူ နာတာလီယာ ပန်ချန်ကိုက "F-16 အတွက် တစ်ခုပဲ တောင်းဆို တာပါ၊ ဒါက ကမ္ဘာကြီးကို ငြိမ်းချမ်းမှု ပြန်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာလို့ ကျမတို့ ယုံကြည်ပါတယ်" လို့ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေထက် ယူကရိန်းတပ်တွေက စစ်မြေပြင်မှာ အသာစီးရစေမယ့် အထောက်အကူ ဖြစ်စေမယ့် အနောက်နိုင်ငံတွေရဲ့ တိုက်လေယာဉ်တွေကို ထောက်ပံ့ပေးဖို့ သမ္မတဘိုင်ဒန်ဟာ ဖိအားပေးခံနေရပါတယ်။
ဝါဆော မြို့တော်မှာနေတဲ့ ယူကရိန်း မြို့ခံအုပ်စုကြီးလဲ ဆန္ဒပြသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် ဘေးကင်းဖို့ ပိုလန်ကိုထွက်ပြေးလာတဲ့ လူတွေအပါအဝင် ယူကရိန်းနိုင်ငံသားတွေ ၁ သန်းခွဲကျော် ပိုလန်မှာ နေထိုင်ကြပါတယ်။
ရုရှားသမ္မတက နျူလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ဆိုင်းငံ့ထားပြီး အမေရိကန်က ယူကရိန်းစစ်ပွဲကို ကမ္ဘာလုံးဆိုင်ရာပဋိပက္ခ ဖြစ်အောင် ပြောင်းလဲစေတယ်လို့ ရုရှားသမ္မတက စွပ်စွဲခဲ့ပြီးနောက် အမေရိကန်သမ္မတဘိုင်ဒင်ဟာ နေတိုး အရှေ့ခြမ်း နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။