close

ဝေဖန်

close

April 19, 2023

စီးပွားရေး ပိုတိုးတက်လာမည်ဟု စစ်ခေါင်းဆောင်ပြောဆိုချက်အပေါ် လုပ်ငန်းရှင်များဝေဖန်

အာဏာသိမ်းစစ်ခေါင်းဆောင်က အခုနှစ်ဟာ အရင်နှစ်တွေထက် စီးပွားရေးတိုးတက်မှု ပိုအားကောင်းလာမယ်လို့ အပြည့်အဝ ယုံကြည်တဲ့အကြောင်း ပြောဆိုလိုက်ပေမဲ့ လုပ်ငန်းရှင်တွေကတော့ အခုနှစ်မှာလည်း ဆိုးဝါးတဲ့အဖြစ်မျိုးနဲ့ မကြုံဖို့သာ မျှော်လင့်တဲ့အကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့နိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်းက စီးပွားရေးအကျပ်အတည်းတွေ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ကျနော်တို့ ပြည်တွင်းအားတွေ စုစည်းမှု ကောင်းလာတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကောင်းမွန်လာတဲ့အကြောင်း၊ ဒီ့နောက် နယ်စပ်ကုန်သွယ်မှုကိုလည်း အတိုင်းအတာ တခုအထိ ဖွင့်လှစ်လာနိုင်ခြင်းကြောင့် လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာနိုင်ပြီး နိုင်ငံရဲ့စီးပွားရေးဟာ အနုတ်လက္ခဏာကနေ အပေါင်း ၃ ရာခိုင်နှုန်းနီးပါး တိုးတက်လာခဲ့တယ်။ ဒါကြောင့် ထုတ်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ ကျနော်တို့ပြည်သူတွေက ပိုမိုကြိုးပမ်းဆောင်ရွက်ခဲ့ရင် ဒီနှစ်ဟာ ယခင်နှစ်တွေကထက် စီးပွားရေးတိုးတက်မှု ပိုမိုအားကောင်းလာမယ်လို့ အပြည့်အဝ ယုံကြည်တဲ့အကြောင်း” ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်က ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေကတော့ အရင်နှစ်တွေမှာ ကြုံခဲ့ရသလို ဆိုးဝါးတဲ့ အဖြစ်မျိုးနဲ့ မကြုံဖို့သာ မျှော်လင့်နေရတယ်လို့ တုံ့ပြန်ထားပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂ ကာလတွေမှာ ကျနော်တို့ စိုးတထိတ်ထိတ်နဲ့ လုပ်ခဲ့ကြရတယ်။ အခု ၂၀၂၃ မှာလည်း ဘာပဲဖြစ်ဖြစ် စီးပွားရေးကို ကျနော်တို့ မလုပ်ဘဲ နေလို့မရဘူး။ တခုခုတော့ လုပ်ကို လုပ်ရဦးမယ်။ ဘာလို့လဲဆို မလုပ်ဘဲနေတာ ကြာလာလို့ရှိရင် အလုပ်မရှိကြတဲ့အတွက် လူတွေ ငတ်ကုန်ကြမယ်လေ။ အဲ့တော့ အလုပ်ဖြစ်အောင်ဆိုတဲ့ သဘောနဲ့ လုပ်ငန်းရှင်တော်တော်များများက အလုပ်လုပ်နေကြတာပါ။ ပြီးတော့ အပြောင်းအလဲတခု ဆိုတာကလည်း အချိန်ကာလတခုအထိတော့ ကြာနိုင်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင် အတော်များများ လက်ခံထားကြတယ်။ အဲ့လို လက်ခံထားကြတယ် ဆိုပေမဲ့ ဆိုးဝါးတဲ့အဖြစ်မျိုးနဲ့တော့ မကြုံပါစေနဲ့လို့တော့ မျှော်လင့်နေရတယ်။ ဘာလို့လဲဆိုတော့ အရှေ့မှာ လုပ်ငန်းတွေ အများကြီးပဲ ရပ်စဲသွားတာ ရှိခဲ့တာလေ” လို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စီးပွားရေးမြှင့်တင်မှုတွေ ဆောင်ရွက်ရာမှာ ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုအပ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို အားပေးခြင်းဟာ နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အားပေးခြင်းဖြစ်တာကြောင့် MSME လုပ်ငန်းတွေကိုလည်း အားပေးဆောင်ရွက်လျက် ရှိပါတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တနိုင်တပိုင် လုပ်ကိုင်နေတဲ့ အသေးစားလုပ်ငန်းရှင်တဦးကလည်း မျှော်လင့်ချက် မရှိဘဲ လုပ်ကိုင်နေရတဲ့အကြောင်း အခုလို မှတ်ချက်ပေးပါတယ်။

“ကျနော်တို့အခြေအနေက မလုပ်ဘဲနဲ့နေရင်လည်း ကြာလာရင် ငတ်ဖို့ပဲရှိတော့တယ်။ နောက်တပိုင်းက လုပ်နေရင်းနဲ့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင် ဒါမှမဟုတ် မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ရင်ပေါ့။ ဘာလို့လဲဆို ကျနော်တို့မှာ သေချာတဲ့ မျှော်လင့်ချက်ဆိုတာ ဘာတခုမှမရှိဘူး။ ဒါက လက်ရှိအခြေအနေ။ မလုပ်မဖြစ်လို့သာ လုပ်နေရတယ်။ လုပ်မှပဲ ဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးနဲ့  လုပ်နေကြရတာ။ မျှော်လင့်ချက် ကောင်းလွန်အားကြီးလို့ လုပ်ကြတဲ့ဟာက ဘာမှမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးအပေါ် လေ့လာသုံးသပ်တဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ စီးပွားရေးမရေရာမှုတွေ၊ ပဋိပက္ခတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တာကြောင့် ကာလတိုအနေနဲ့ မြန်မာ့စီးပွားရေးဟာ ပြန်လည်သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမယ့်အပြင် ၂၀၂၃ ခုနှစ် အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေနဲ့ ဆက်လက်မြင့်တက်နေဦးမယ်လို့ သတိပေးထားပါတယ်။

1 week Ago

April 10, 2023

PDF ၃ ဦးအား မြန်မာစစ်တပ်ထံ ပြန်အပ်ခဲ့သည့်အပေါ် ထိုင်းအတိုက်အခံပါတီ ဝေဖန်

ထိုင်းအာဏာပိုင်တွေက ပြည်သူ့ကာကွယ်ရေးတပ် (PDF) သုံးဦးအား ဖမ်းဆီးပြီး မြန်မာစစ်တပ်ဆီ အပ်ခဲ့တာနဲ့ပတ်သက်ပြီး ထိုင်းစစ်ခေါင်းဆောင်ပရာယွတ်ကို ထိုင်းလွှတ်တော်အမတ် Move Forward ပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဆေးလာကုသတဲ့ Lion Battalion ဗျူဟာ စစ်ကြောင်းက ဒု-စစ်ကြောင်းမှူးအပါအဝင် PDF ရဲဘော် ၃ ယောက်ကို ထိုင်းလဝက၊ ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက ဧပြီ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး မြန်မာဘက်ခြမ်း အင်ကြင်းမြိုင် BGF ဂိတ်ကို ပြန်လည်ပို့ဆောင်ခဲ့တာပါ။

Move Forwardပါတီ ဒု-အထွေအထွေအတွင်းရေးမှူး ရန်စီမန်က "ပရာယွတ်က ဘယ်တုန်းကမှ လူ့အခွင့်အရေးအကြောင်း စဉ်းစားပေးသူမဟုတ်ဘူး။ မြန်မာ စစ်အာဏာရှင်နဲ့ ထိုင်းအစိုးရကြား ကာလရှည်ကြာ ပူးပေါင်းမှုတွေက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ပိုပြီ ဖြစ်ပွားစေတယ်" လို့ The Reporters သတင်းဌာနကို ‌ပြောပါတယ်။

ထိုင်း-မြန်မာ စစ်ခေါင်းဆောင်တွေ ဒီလိုပူးပေါင်းနေတာက နှစ်နိုင်ငံလုံးအတွက် အထူးနာကျင်ကြေကွဲစရာဖြစ်ပြီး အားလုံးရဲ့တာဝန်က မြန်မာအကျပ်အတည်း ဖြေရှင်းပေးရေးဖြစ်ကာ အခုလို ထိုင်းစစ်တပ်နဲ့ မြန်မာ စစ်တပ်ကြား ဆက်ဆံနေမှုက အပြောနဲ့ လက်တွေ့ တခြားစီဖြစ်နေပြီး စီးပွားတွက်သာတွက်ပြီး လိမ်နေတာလို့ ဆက်လက်ဝေဖန်ထားပါတယ်။

ထိုင်းအစိုးရက PDF သုံးဦးကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးလိုက်တာက ကြီးမားစွာထောက်ပံ့နေတာဖြစ်ကြောင်း၊ နိုင်ငံတကာကိုထင်သာမြင်သာ သက်သေပြလိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံက လူ့အခွင့်အရေးအပေါ်လေးစားမှုမရှိတာကို ကမ္ဘာက သိစေခဲ့တာဖြစ်ကြောင်း၊ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ထိုင်းအစိုးရက မူးယစ်ဆေးလုပ်ငန်းတွေကို ပိုမိုဆိုးရွားလာစေပြီးတော့ မူးယစ်ဆေးကို ခဝါချပြီးရတဲ့ငွေတွေနဲ့ ပြည်သူတွေကို ဒုက္ခတွင်းထဲပို့နေတဲ့ မြန်မာစစ်ကောင်စီရဲ့ လူသတ်လက်နက်တွေ ဖြစ်လာစေကြောင်း၊ ထိုင်းနိုင်ငံက မြန်မာဘက်က မူးယစ်ဆေး ထုတ်လုပ်မှုကနေ ငွေကြေးခဝါချ ဖို့ အလွယ်ကူဆုံးနိုင်ငံဖြစ်စေနေပြီး အဆုံးမဲ့လူ့အခွင့်အရေးကပ်ဆိုးကြီးကို ဖြစ်တည်စေကြောင်း ပြောဆိုသွားပါတယ်။

အခုလို ထိုင်း-မြန်မာ နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေကိုဝေဖန်လိုက်တဲ့ Move Forward ပါတီ ဒု-အထွေထွေအတွင်းရေးမှူး ရန်စီမနေဟာ ထိုင်းစစ်ခေါင်းဆောင် ပရာယွတ်ကို အတိုက်အခံပြုလုပ်ပြီး  မတရားမှုတွေ အကုန်လုံးဖော်ထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။

3 weeks Ago
Up