close

သထုံမြို့နယ်

close

April 18, 2023

သထုံမြို့နယ်တွင် ခမရ(၉)တပ်ရင်းနှင့် ရဲစခန်းတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင်းရှိ သိမ်ဆိပ်နယ်မြေရဲစခန်းနဲ့ ခမရ(၉)တပ်ရင်းတို့ကို ဧပြီ ၁၇ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က တပြိုင်နက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် သိမ်ဆိပ်နယ်မြေ စခန်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား  ၄ ယောက် ပြင်းထန်စွာထိခိုက်ဒဏ်ရာရပြီး ၃ ယောက် သေဆုံးသွားတယ်လို့  ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ပြောပါတယ်။

ရဲစခန်းမှူးဟာ ပုခုံးထိမှန် ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနဲ့ သေဆုံးသူ ၃ ယောက်ကိုတော့ သထုံဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံ PDF ထံကသိရပါတယ်။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(သထုံပကဖ)၊ KNLAတပ်ခွဲ(၃)နဲ့ HRS ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၊ 40mm ၊ 60mm ဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူးနေအိမ်၊ ရဲစခန်းဝင်း၊ တပ်ရင်းမှူးနေအိမ်၊ လိုင်းခန်း၊ ဗဟိုကင်းအဆောက်အအုံနဲ့ လက်နက်ကြီးပစ်ကွင်းတွေ ဗုံးသီးတွေ ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ အခိုက်မရှိဘူးလို့ ပြောပေမဲ့ တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို  အဆိုပါဖြစ်စဥ်တွေနဲ့ ပက်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

1 week Ago

March 8, 2023

သထုံမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ မတ် ၈ ရက်နေ့ ၇ နာရီခွဲအချိန်လောက်မှာ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ - ၂၄ တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ကျုံမိန်ကျေးရွာထဲကို လက်နက်ကြီး ၄ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကျုံမိန်ကျေးရွာနေ အသက် ၇ နှစ်အရွယ် မဝင်းဝင်းရီ၊ အသက် ၁၃ နှစ်အရွယ် မောင်ထိပ်ပြောင်တို့ နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၅၀ နှစ်အရွယ် ဒေါ်မနူးဖိုးနဲ့ အသက် ၉ နှစ်အရွယ် စောနော့ဒါးမူတို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ(၁)ရဲ့ ဆေးပေးခန်းတစ်ခုကို ပို့ဆောင်ကုသပေးထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ကျုံမိန်ကျေးရွာဟာ ကရင်တိုင်းရင်းသားအများစု နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

သထုံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တုန်းကလည်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပိန္နဲကျေးရွာ ဒေသခံ ၃ ဦး ဒဏ်ရာရရှိထားပါတယ်။

2 months Ago
Up