close

သပိတ်ခေါင်းဆောင်

close

August 16, 2022

ကချင်ပြည်နယ်တွင် အန်အယ်လ်ဒီအမတ် ၁ ဦးနှင့် သပိတ်ခေါင်းဆောင် ၁ ဦးတို့ ဖမ်းဆီးခံရ

ကချင်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နဲ့ ဖားကန့်မှော်ပုံသပိတ် ဦးဆောင်သူ ကိုစိုင်းမောင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ သူတို့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

ဦးမျိုးကျော်နဲ့ ကိုစိုင်းမောင်တို့နှစ်ယောက်ဟာ  ဩဂုတ် ၁၄ ရက်  ၁၁ နာရီလောက်က ကိုယ်ပိုင်ကားနဲ့ မြစ်ကြီးနားမြို့ကနေ ဆင်းလာချိန် မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ဆေးရေးဂိတ်အရောက်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက "ဂိတ်မှာ စစ်ဆေးရင်းနဲ့ NUG ရဲ့ Bond ရောင်းထားတဲ့ စာရွက်စာတမ်းတွေကိုတွေ့သွားတယ်။ Bond ရောင်းချပေးတာက ကိုစိုင်းမောင်က ကူပြီးရောင်းချပေးတာပေါ့။ သူက ဖားကန့်ကဆိုတော့။ အဲ့စာရွက်စာတမ်းတွေ တွေ့လို့ ဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။

လတ်တလော ဖမ်းဆီးခံရသူတွေ  ဘယ်မှာရှိနေတယ် ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာ‌တော့ မသိရသေးပါဘူး။ 

ဖမ်းဆီးခံရသူ ဦးမျိုးကျော်ဟာ ၂၀၂၀ နိုဝင်ဘာလက ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ် ၄ ရက်ကလည်း  အန်အယ်လ်ဒီပါတီရဲ့ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းဟာ နန်းမားမြို့မှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ-၅၀၅(ခ)နဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်က ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရပါတယ်။

8 months Ago

February 10, 2022

မန္တလေးက သပိတ်ခေါင်းဆောင်အချို့ ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် မန္တလေးမြို့မှာ နေ့စဉ်မပြတ်ချီတက်ဆန္ဒပြနေတဲ့ မန္တလေးသပိတ်အင်အားစုက ခေါင်းဆောင် ၄ ယောက် ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီကျော်လောက်က  ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်း တို့ဟာ သပိတ်တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီး ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့ကတော့ အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။

ထွက်ပြေး လွတ်မြောက်လာသူတယောက်က “ကျနော်တို့က ရှစ်ယောက်စုနေကြတာ။ နှစ်ယောက်က ဈေးဝယ်ထွက်ရင်း အဖမ်းခံမလိုဖြစ်တာကြောင့် ကျန်တဲ့သူတွေ ဖုန်းဆက်ပြီး ပြေးကြဖို့ပြောတယ်။ အဲ့ဒီထဲကမှ လေးယောက်ဖမ်းခံလိုက်ရတယ်။ တချို့ အိမ်အပေါ်ထပ်ကနေ ခုန်ချထွက်ပြေးတာတွေရှိတယ်။” လို့ ပြောပါတယ်။

မန္တလေးသပိတ်အင်အားစုက သပိတ်ခေါင်းဆောင်တချို့  နေထိုင်တဲ့ မဟာအောင်မြေမြို့နယ်အရှေ့ပိုင်းက အိမ်တစ်အိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဖျက်ဆီးတာ ၊ ရိုက်နှက်ဆဲဆို ဖမ်းဆီးသွားတာလို့  သိရပါတယ်။

အဓမ္မ ဖမ်းဆီးခံလိုက်ရတဲ့အတွက် မန္တလေး မြေပြင်သပိတ်လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အထူးစိုးရိမ်ကြောင်း သပိတ်မှာ ပါဝင်သူတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက် တွေက စစ်ကောင်စီတပ်သားတွေဟာ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာလမ်းပိတ်ဆို့ ဝင်ရောက်စီးနင်းပြီး လူငယ်တချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

1 year Ago
Up