close

သူလျှို

close

April 4, 2023

ဖမ်းဆီးခံသတင်းထောက်အား ပြန်လွှတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားထံ တောင်းဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်နဲ့ ဖုန်းခေါ်ဆိုဆွေးနွေးရာမှာ သူလျှိုလုပ်တယ်လို့  ရုရှားအစိုးရက စွပ်စွဲထားတဲ့ Wall Street Journal သတင်းထောက် အီဗန်ဂါ့ရှ်ကိုဗစ်ချ်ကို ဖမ်းထားရာက ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဧပြီ ၂ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

ရုရှား ပြည်ထောင်စုလုံခြုံရေးဌာန FSB က ဂါ့ရ်ှကိုဗစ်ချ်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်တဲ့ ရုရှကာကွယ်ရေး ကုမ္ပဏီတခုအကြောင်း သတင်းအချက်အလက်တွေ စုဆောင်းတယ်လို့ စွပ်စွဲပြီး မတ်လ ၃၀ ရက်က ဖမ်းခဲ့တယ်လို့ FSB က ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။

Wall Street Journal ကတော့ ဂါ့ရှ်ကိုဗစ်ချ်ဟာ သူလျှိုမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်ဟာ ရယ်စရာကောင်းတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒီအမှုမှာ အမေရိကန်အစိုးရက နိုင်ငံရေးကစားတာကို လက်မခံနိုင်ဘူး၊ ဂါ့ရှ်ကိုဗစ်ချ်ရဲ့ ကံကြမ္မာကို တရားရုံးက ဆုံးဖြတ်မယ်လို့ လာ့ဗရော့ဗ်က ဘလင်ကန်ကို ပြောခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

သတင်းထောက်ကို ပြီးခဲ့တဲ့သီတင်းပတ်က လက်ပူးလက်ကြပ် ဖမ်းမိတယ်လို့ အထောက်အထား တစုံတရာ မပေးဘဲ ရုရှားအစိုးရက အခိုင်အမာ ပြောဆိုခဲ့တာပါ။

ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ဘလင်ကန်နဲ့ လာ့ဗရော့ဗ်တို့ကြား တိုက်ရိုက်စကားပြောတာ ရှားပါးလာပါတယ်။

ယူကရိန်းကျူးကျော်စစ်အပြီး သူတို့ ၂ ဦးဟာ နယူးဒေလီမှာ မတ်လ ၂ ရက်က ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် စကားပြောဆိုခဲ့ကြပါတယ်။

ကြာသပတေးနေ့ တံခါးပိတ်ကြားနာရာမှာ ဂါ့ရှ်ကိုဗစ်ချ်ကို မော်စကိုမြို့တော်က လာ့ဖိုးတိုဗို အကျဉ်းထောင်မှာ မေလ ၂၉ ရက်အထိ တရားခွင်အကြိုချုပ်နှောင်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖမ်းဆီးမှုဟာ ရုရှားက အမေရိကန်နဲ့ အလျှော့အတင်းလုပ်ဖို့လို့ အနောက်တိုင်းနဲ့ ရုရှားလေ့လာသုံးသပ်သူတချို့က ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရတဲ့ ရုရှားလက်နက်မှောင်ခိုကုန်သည် ဗစ်တာဘောက်ထ်အတွက် အမေရိကန် ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်တ်နေ ဂရင်နာနဲ့ လဲလှယ်ပြီး လေးလအကြာမှာ ခုလို ဖမ်းဆီးမှု ဖြစ်ခဲ့တာပါ။

ဂါ့ရှ်ကိုဗစ်ချ် လွတ်မြောက်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းအကုန်သုံးဖို့ အမေရိကန်အစိုးရကို ဂရင်နာက တိုက်တွန်းခဲ့ပါတယ်။

2 weeks Ago

March 31, 2023

ရုရှားရောက် အမေရိကန်နိုင်ငံသားများ ချက်ချင်းထွက်ခွာရန် အမေရိကန်အစိုးရ တိုက်တွန်း

သူလျှိုလို့စွပ်စွဲခံရတဲ့ အမေရိကန်သတင်းထောက်တဦး ဖမ်းဆီးခံရပြီးနောက် ရုရှားနိုင်ငံကို ခရီးထွက်နေသူတွေနဲ့ နေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ ရုရှားကနေ ချက်ချင်းထွက်ခွာကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ ၃၀ ရက်က တိုက်တွန်းထားပါတယ်။

“သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေကို ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းနဲ့ အပြစ်ပေးခြင်းတွေကို ကရင်မလင်ရဲ့ ဆက်လုပ်ဆောင်ကြိုးပမ်းမှုတွေကို အမေရိကန်က အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ ရှုတ်ချလိုက်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပက်တယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မော်စကိုတရားရုံးကတော့ အမေရိကန်နိုင်ငံသား Wall Street Journal သတင်းထောက် အီဗန်ဂတ်ရှ်ကိုဗစ်ကို သူလျှိုလုပ်မှုသံသယနဲ့ နှစ်လနီးပါး ထိန်းသိမ်းသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့က ဒီကိစ္စကို အလွန်စိုးရိမ်မိကြောင်းနဲ့ တာဝန်ရှိသူတွေဟာ ဂတ်ရှ်ကိုဗစ်ရဲ့ အလုပ်ဌာနနဲ့ မိသားစုကို အဆက်အသွယ် လုပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဂျာနယ်လစ်အဖွဲ့တွေက ဂတ်ရှ်ကိုဗစ် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

ယူကရိန်းကျူးကျော်စစ်ကြောင့် မော်စကိုနဲ့ ဝါရှင်တန်ကြား ဆိုးရွားတဲ့ဆက်ဆံရေးဟာ အခုကိစ္စကြောင့် ပိုဆိုးရွားလာမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

အခုကိစ္စဟာ ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံမှာ နိုင်ငံခြားသတင်းထောက်တဦးကို သူလျှိုလုပ်မှုအတွက် ပထမဆုံးသော ရာဇဝတ်မှုလို့ ယူဆရပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။

3 weeks Ago
Up