ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်က ဘရန်ဒင်ဘာ့ဂ် မုခ်ဦးမှာ လူဒါဇင်ပေါင်းများစွာဟာ အီရန်နိုင်ငံမှာ သေဒဏ်ပေးမှုအပေါ် ဆန့်ကျင်မှုနဲ့အတူ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ပိုမို ရရှိရေးအတွက် ဒီဇင်ဘာ ၁၀ ရက်က စုရုံးဆန္ဒပြခဲ့ကြပါတယ်။
"လွတ်လပ်ခွင့်နဲ့တန်းတူညီမျှမှု" ကို တောင်းဆိုခဲ့တဲ့ ဂျာမနီနိုင်ငံရှိ အီရန်ပြည်နှင်ခံ အဖွဲ့တွေဟာ အီရန်နိုင်ငံတွင်းက ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ တညီတညွတ်တည်းရှိနေတယ် ဆိုတာကို ပြသဖို့ တောင်းဆိုခဲ့ကြပါ တယ်။
အသက် ၂၂ နှစ်အရွယ် မာရှာအာမာနီ သေဆုံးမှုကြောင့် ဒီလိုဆန္ဒပြတောင်းဆိုမှုတွေဟာ ရက်သတ္တပတ် ပေါင်းများစွာ အီရန်နိုင်ငံမှာ တောက်လောင် နေခဲ့တာပါ။
အာမာနီကို ဘာသာရေးအရ အမျိုးသမီးတွေအတွက် သင့်တင့်ရုံ ဝတ်ဆင်ပြီး ခေါင်းစည်းပုဝါ ဆောင်းထားဖို့ လိုအပ်မှုအပေါ် စည်းကမ်း ချိုးဖောက်တယ်ဆိုပြီး ရဲတွေက ဖမ်းဆီးခဲ့တာပါ။ အီရန်ကျင့်ဝတ်ထိန်းရဲတွေရဲ့ ဖမ်းဆီးတာ ခံရပြီးတဲ့နောက် အာမာနီ သေဆုံးခဲ့ရပါတယ်။
ဂျာမနီက ဆန္ဒပြပွဲမှာတော့ "ရှားဘုရင်ဖြစ်စေ၊ ခေါင်းဆောင်ဖြစ်စေ၊ ဖိနှိပ်သူ မှန်သမျှ သေဆုံးရေး"၊ "လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှု"၊ "ကွပ်မျက်မှုကို ရပ်တန့်" စတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြသူတွေက သံပြိုင်အော်ဟစ်ပြီး တောင်းဆိုခဲ့ကြပါတယ်။
အာမာနီသေဆုံးပြီးနောက်ပိုင်း ဆက်လက် ဖြစ်ပွားနေတဲ့ ဆန္ဒပြလှိုင်းတွေမှာ လူပေါင်း ၄၅၀ကျော် သေဆုံးခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ လူငယ်လူရွယ်နဲ့ ကလေးသူငယ် ၆၃ ဦးဟာ အီရန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိဆန္ဒပြပွဲတွေနဲ့ ဆက်စပ်နေတဲ့ ပထမဆုံးသော သေဒဏ်ကို ဒီဇင်ဘာလ ၈ရက်က အီရန် အာဏာပိုင်တွေက ကြိုးပေးစီရင်ခဲ့ပါတယ်။
သေဒဏ် ကြိုးပေးခံခဲ့ရတဲ့ မိုဆန် ရှီကာရီဟာ လုံခြံရေးအစောင့်တစ်ဦးကို ဓားနဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အပြင် တီဟီရန် မြို့တော်ရဲ့ လမ်းတွေကို ပိတ်ဆို့တယ်ဆိုပြီး သေဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရတာပါ။
လက်ရှိဆူပူအုံကြွမှုတွေမှာ လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီးနောက် ပထမဆုံး သေဒဏ် ကွပ်မျက်မှု ပေါ်ပေါက်လာတာကြောင့် အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချသံတွေလည်း သံပြိုင် ထွက်ပေါ်လာခဲ့ပါတယ်။
ဒီမိုကရေစီလိုလားသူတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို မြန်မာစစ်အာဏာရှင်က ကွပ်မျက်ခဲ့တာဟာ ပြစ်တင်ရှုတ်ချဖွယ်ကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အီးယူနဲ့ နိုင်ငံ ၈ နိုင်ငံက ဇူလိုင် ၂၅ ရက်မှာ ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ၄ ဦးကို မြန်မာစစ်အာဏာရှင်က သေဒဏ်ပေးကွပ်မျက်လိုက်တဲ့အပေါ် အီးယူအထူးကိုယ်စားလှယ်နဲ့ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ကိုးရီးယား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပြင်းထန်စွာ ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အတိုက်အခံ ခေါင်းဆောင်တွေကို ကွပ်မျက်တာဟာ ပြစ်တင်ရှုတ်ချဖွယ်ကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဥပေက္ခာပြု လျစ်လျူရှုထားတဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို ပိုပြီး ထင်ဟပ်စေတယ်လို့ဆိုပါတယ်။
မတရားဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ မိသားစုဝင်တွေကို လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုဖို့၊ အကြမ်းဖက်မှုတွေကို ထပ်မံကျူးလွန်ခြင်းမပြုဘဲ တွေ့ဆုံညှိနှိုင်းခြင်းမှတဆင့် ငြိမ်းချမ်းရေးကို ရှာဖွေဖို့အတွက် အာဆီယံ သဘောတူညီချက် ငါးရပ်ကို အကောင်ထည်ဖော်ဖို့ မြန်မာ စစ်အာဏာရှင်ကို တိုက်တွန်းထားပါတယ်။
လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံအားပေးလျက် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို လေးစားဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာဖို့လည်း အာဏာသိမ်း စစ်တပ်ကို ကမ္ဘာ့နိုင်ငံတွေက တိုက်တွန်းထားပါတယ်။
မတရားသဖြင့် ကွပ်မျက်ခံရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူ လွန်စွာ ဝမ်းနည်း စိတ်မကောင်းဖြစ်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဆုံးရှုံးသွားတဲ့ အသက်တွေအတွက် အစဉ်အမြဲ အောက်မေ့သတိရနေမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး တွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။