အင်တာတိုက်စစ်မှူး လူကာကူကို ဂျူဗင်တပ်အသင်းပရိသတ်တွေက လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တာကြောင့် ဂျူဗင်တပ်အိမ်ကွင်းက ပွဲကြည့်စင်တစ်ခုကို တစ်ပွဲပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ လူကာကူက နောက်ဆုံးမိနစ်မှာ ပင်နယ်တီဂိုးသွင်းခဲ့ပါတယ်။
ဂိုးသွင်းအပြီးမှာ ဂျူဗင်တပ်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ပြသခံရပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲဒီပွဲစဉ်မှာ လူကာကူကို ဂျူဗင်တပ်ပရိသတ်တွေကလည်း လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့ အော်ဟစ်လှောင်ပြောခဲ့ကြတာပါ။
ဒါကြောင့် ဂျူဗင်တပ်အသင်းရဲ့ တောင်ဘက်ပွဲကြည့်စင်က အောက်ဆုံးအတန်းကို ပိတ်ပင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
အဲဒီပွဲကြည့်စင်ဟာ ပရိသတ် ၅၀၀၀ လောက်ဝင်ဆံ့ပြီး ဧပြီ ၂၃ ရက်မှာကစားမယ့် နာပိုလီနဲ့ပွဲမှာ စတင်ပြစ်ဒဏ်ခံရမှာ ဖြစ်ပါတယ်။
ဒီနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေမှာ မန်စီးတီးက လိုက်ပ်ဇစ်ကို (၇-၀) ဂိုးနဲ့အနိုင်ရပြီး ပေါ်တိုနဲ့ အင်တာမီလန်တို့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေကျသွားပါတယ်။
မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ပွဲမှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းက တယောက်တည်း ၅ ဂိုးသွင်းယူခဲ့ပြီး ဥရောပချန်ပီယံလိဂ်ပွဲစဉ်တပွဲမှာ သွင်းဂိုး ၅ ဂိုးထိသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
မန်စီးတီးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ တဖက်တဂိုးစီသရေကျထားလို့ နှစ်ကျော့ပေါင်းရလဒ် (၈-၁) ဂိုးနဲ့ နောက်တဆင့် ကွာတားဖိုင်နယ်တက်သွားသလို အင်တာမီလန်ကလည်း ပထမအကျော့မှာ (၁-၀)ဂိုးနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလဒ် (၁-၀) ဂိုးနဲ့ ကွာတားဖိုင်နယ်တက်သွားပါတယ်။