စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံတဝန်းအကျဉ်းသား ၃၁၀၀ ကျော်ကို ဧပြီ ၁၇ ရက် ဒီကနေ့မနက် ပြန်လွှတ်ပေးရာမှာ ရန်ကုန် အင်းစိန်အကျဥ်းထောင်ကနေ ဆေးမှု၊ လူသတ်မှု၊ စစ်ပြေးနဲ့ ရဲပြေး အကျဥ်းသား အမျိုးသမီး ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၇၅ ဦး လွတ်မြောက်လာပါတယ်။
စစ်ပြေးနဲ့ ရဲပြေးတွေကို ပြန်လွှတ်ပေးရာမှာ နွေဦးတော်လှန်ရေးကာလ CDM မလုပ်ဘဲ ကာလရှည်ကြာ စစ်ပြေးဘဝရောက်နေသူတွေကို အခုလို တော်လှန်ရေးကာလမှာ ဖမ်းဆီးအရေးယူပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဥ်းသားမိသားစုဝင်တွေ အများအပြား အင်းစိန်ထောင်ရှေ့ကို လာရောက်စောင့်ဆိုင်းခဲ့ပေမယ့် နိုင်ငံရေးအကျဥ်းသားတွေ တယောက်မှ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့အကျဥ်းထောင်ကနေလည်း ဒီနေ့မနက် လွတ်ရက်နီးတဲ့ ခိုး၊ ဆိုး၊ လု၊ နိုက် ၃၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အကျဥ်းထောင်ကနေ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားများမပါ၀င်ဘူးလို့ အကျဥ်းဦးစီဌာနနဲ့နီးစပ်သူကပြောပါတယ်။
"နှစ်ဆန်းတစ်ရက်နေ့ ပုံမှန်အတိုင်းလွှတ်ပေးတာပါ။ ပုသိမ်ထောင်မှာရှိတဲ့ လွှတ်ခါနီးနေတဲ့အ ကျဥ်းသား ၃၃ ဦး ဒီမနက်ပိုင်းက ပြန်လွှတ်ပေးလိုက်တာပါ။ နိုင်ငံရေးအကျဥ်းသားတွေ တစ်ယောက်မှ လွှတ်မပေးပါဘူး။”
ပုသိမ်အကျဥ်းထောင်ကနေ လွှတ်ငြိမ်းချမ်းသာနဲ့လွှတ်ပေးလိုက်သူတွေဟာ ခိုးမှု၊ ရိုက်မှု၊ အရက်ပုန်းရောင်းမှု၊ လောင်းကစားမှု စတဲ့ရာဇ၀တ်အကျဥ်းသားများဖြစ်ပြီး ပြန်လွှတ်ဖို့ လပိုင်းသာ ကျန်ရှိနေသူတွေလို့ ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၄၀၀ နီးပါးနဲ့ အမျိုးသမီး အယောက် ၇၀ လောက်အထိ ရှိနေတယ်လို့ အကျဥ်းထောင်အသိုင်းဝိုင်းကသိရပါတယ်။
ထားဝယ်အကျဥ်းထောင်ကနေ ပြန်လွတ်လာသူတွေအထဲမှာ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရသူတယောက်မှတော့ မပါဘဲ တခြားအမှုတွေနဲ့ဖမ်းဆီးခံရတဲ့ အကျဥ်းသား အကျဥ်းသူ ၁၄ ဦး လွတ်မြောက်လာတယ်လို့ ထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြန်လွတ်လာတဲ့သူတွေထဲ မူးယစ်ဥပဒေပုဒ်မနဲ့ ထောင်ကျခံနေရသူ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ တပ်မတော်အက်ဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၃ ဦးနဲ့ ရဲစည်းကမ်းဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူ အမျိုးသား ၁ ဦးပါဝင်ပါတယ်။
ထားဝယ်နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက "နိုင်/ကျဥ်းတွေထဲကတော့ လွတ်ရက်နီးနေတဲ့သူတွေတောင် မပါဘူး၊ တချို့ဆို လွတ်ဖို့ ၂ လလောက်ပဲ လိုတော့လို့ အပြင်ဆောင်ခေါ်ထုတ်ထားတာတောင်ရှိတယ်၊ သူတို့တောင် ပါမလာဘူး"လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ မြန်မာနှစ်သစ်အထိမ်းအမှတ်အနေနဲ့ အကျဥ်းထောင်အသီးသီးက အကျဥ်းသား/သူ ၃၀၁၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ ဧပြီ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးတုန်းကတော့ ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်း အယောက် ၄၀ ကျော် ပါဝင်ပါတယ်။
လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အမှုရင်ဆိုင်နေရဆဲနဲ့ အမိန့်ချမှတ်ခံထားရပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား ၂၉၀ ဝန်းကျင်နဲ့ နိုင်ငံရေးအကျဥ်းသူ ၆၀ ခန့်ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ထံကနေ သိရပါတယ်။
အကျဉ်းသား ၃၁၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ဒီမနက်ပိုင်းမှာ အင်စိန်ထောင်ကနေ အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့ပါတယ်။
အခုထိတော့ အင်းစိန်ထောင်ကပြန်လွတ်လာသူတွေအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေတော့ ပါဝင်လာတာမရှိသေးဘူးလို့ သိရပါတယ်။ အကျဉ်းသား မိသားစုဝင်တွေဟာ အင်းစိန်ထောင်ရှေ့မှာ ဒီဲနေ့ မနက်အစောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ မတ်လ ၂၄ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ထောင်ထဲက မျှော်စင်တွေကနေ အပြင်ဘက် ပေါက်ကွဲမှုဖြစ်တဲ့ နေရာတွေကို မှန်းပြီးပစ်ခတ်ခဲ့တယ်လို့ အင်းစိန်အကျဉ်းထောင်အနီးနေသူတယောက်ထံက သိရပါတယ်။
ထောင်ဝန်ထမ်းမိသားစုဝင်တယောက်ကလည်း “နေ့လယ် ၁၁ နာရီလောက်မှာ ဖြစ်တာ၊ ပေါက်တောဝ အေးစေတီဘက် ဝန်ထမ်းလိုင်းခန်း နောက်ပေါက်ဘက်မှာ ဗုံးကွဲတာပါ။ တချို့ကလည်း အပြင်ကနေ ဗုံးနဲ့လှမ်းပစ်တယ်လို့လည်း ပြောကြတယ်။ ကွဲတာတော့ အသေအချာပဲ၊ အသံအကျယ်ကြီးကို ကြားလိုက်ရတာ။ အဲ့ဒါဖြစ်ပြီးပြီးချင်း အထဲကနေ မျှော်စင်တွေက ပြန်ပစ်ကြတာ၊ ရမ်းသန်းပစ်တာပေါ့” လို့ ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေမှာ လူတွေထိခိုက် သေဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။
ဒီနေ့ ဗုံးကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို ဒေသခံ UG အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း အင်းစိန်ထောင် ဘူးဝရှေ့ ထောင်ဝင်စာပါဆယ် လက်ခံတဲ့နေရာမှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီဝန်ထမ်းတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တချို့ အပါအဝင် လူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက် ဒီနေ့အထိ ဘယ်သူ့လက်ချက်ဆိုတာကို မဖော်ထုတ်နိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်ပြီး ရန်ကုန်အခြေပြု စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ (AJMM)နဲ့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) အဖွဲ့တွေက အများပြည်သူ သွားလာနေတဲ့ နေရာတွေဟာ စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်သင့်ကြောင်း၊ အများပြည်သူဆိုင်ရာ နေရာတွေကို တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ ကြေညာထားပါတယ်။