ဘာစီလိုနာအသင်းဟာ မန်စီးတီးတိုက်စစ်ကစားသမား ရာဟင်းစတာလင်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားစာချုပ်နဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ကတ်တလန်အခြေစိုက် နေ့စဉ် သတင်းစာ Sport ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ စတာလင်ကို အငှားစာချုပ်နဲ့အရင် ခေါ်ယူပြီး လာမယ့်နှစ်နွေရာသီမှာအပြီးသတ်ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
စတာလင်ဟာ အခုနှစ် ပရီးမီးယားလိဂ် ၅ ပွဲမှာ ၂ ပွဲသာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပြီး နည်းပြဂွာဒီယိုလာက အရန်ကစား သမားတစ်ဦးအနေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဂျက်ဂရေးလစ်ရှ်ကို ပေါင်သန်း ၁ဝဝ နဲ့ခေါ်ယူထား တာကြောင့် စတာလင်အနေနဲ့ ပွဲကစားချိန်ပိုရဖို့အတွက် လက်ခံစဉ်းစားနိုင်တယ်လို့လည်း ကတ်တလန် သတင်းစာကဖော်ပြခဲ့ပါတယ်။
စတာလင်ဟာ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ တိုက်စစ်မှူးနေရာကနေ ပွဲထွက်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှုတစ်ကြိမ်မှ မရှိခဲ့ပါဘူး။