အီရန်နိုင်ငံမှာ မကြာသေးမီလတွေက ရာနဲ့ချီတဲ့ကျောင်းသူတွေ အဆိပ်သင့်ခဲ့တာနဲ့ ပတ်သက်လို့ အခုချိန်အထိ ရှင်းမပြနိုင်တဲ့ နာမကျန်းမှုတွေအပေါ် ကျောင်းသားတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေပြီး အဆိပ်သင့်သူတွေ မလှုပ်မရှားနိုင် ဖြစ်နေကြတယ်လို့ ပြောဆိုကြပါတယ်။
အီရန်တာဝန်ရှိသူတွေကတော့ ဒီမိန်းကလေးငယ်တွေဟာ အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပြီး အီရန်အစိုးရရဲ့ ရန်သူတွေအပေါ် အပြစ်တင်ခဲ့ပါတယ်။
ကျောင်းသူတဦးက “ခန္ဓာကိုယ်ထဲမှာ အလွန်ပြင်းထန်တဲ့ ထုံကျင်မှုကို ခံစားနေရပြီး လမ်းတောင် လုံးဝမလျှောက်နိုင်ပါဘူး” လို့ ပြောပါတယ်။
နောက်တဦးကလည်း “အစာအိမ်ထဲမှာ ပူလောင်နေသလို ခံစားရပြီး သတိလည်း လစ်နေခဲ့တယ်” လို့ ဆိုပါတယ်။
အီရန်ကျန်းမာရေးဝန်ကြီးကလည်း ဒီအမျိုးသမီးငယ်တွေဟာ “သိပ်မပြင်းထန်တဲ့ အဆိပ်” နဲ့ တိုက်ခိုက်တာကို ခံစားနေရတာလို့ မှတ်ချက်ပေးပါတယ်။
သဘောထားတင်းမာတဲ့ အစ္စလာမ္မမ်အဖွဲ့တွေက အမျိုးသမီးတွေရဲ့ ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ တချို့နိုင်ငံရေးသမားတွေက အကြုံပြုခဲ့ကြပါတယ်။
မတ် ၄ ရက်အထိ အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုထဲက အနည်းဆုံး ပြည်နယ် ၁၀ ခုမှာရှိတဲ့ ကျောင်းပေါင်း ၃၀ ကျော်မှာ ဒီလိုဖျားနာတာတွေ ဖြစ်ခဲ့ပါတယ်။
မိဘတွေက ကလေးတွေကို အိမ်ပြန်ခေါ်နိုင်ဖို့ ကျောင်းတွေမှာ စုဝေးရောက်ရှိလာကြပြီး တချို့ကျောင်းသားတွေကိုတော့ လူနာတင်ယာဉ် ဒါမှမဟုတ် ဘတ်စ်ကားတွေနဲ့ ဆေးရုံဆီ ခေါ်ဆောင်သွားကြတာကို လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။
ကျောင်းသားတွေ အဆိပ်သင့်တဲ့ကိစ္စကို အီရန်အစိုးရက စုံစမ်းစစ်ဆေးမယ်လို့ ကျန်းမာရေးဝန်ကြီး ဘာရမ် အီနိုလာဟီက မတ် ၂ ရက်မှာ ပြောလိုက်ပါတယ်။
ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အထူးကော်မတီတရပ် ဖွဲ့စည်းတာဝန်ချပြီးပြီ ကော်မတီထဲမှာ အတော်ဆုံး အဆိပ်ဗေဒပညာရှင်နဲ့ တက္ကသိုလ်ပါမောက္ခတွေပါတယ်လို့ အီနိုလာဟီက ပြောပါတယ်။
လတ်တလော လတွေအတွင်း မတူတဲ့ ကျောင်းတွေက အီရန် မိန်းကလေးကျောင်းသူ ရာချီဟာ အပျော့စား အဆိပ်နဲ့ တိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရတယ်လို့ ကျန်းမာရေေဝန်ကြီးက ဖေဖော်ဝါရီလ ထဲမှာ ပြောခဲ့ဖူးပါတယ်။
ဒါဟာ မိန်းကလေးသင် ပညာရေးကို ဆန့်ကျင်တဲ့ ဘာသာရေးအုပ်စုတွေကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတချို့က အဆိုပြုခဲ့ကြပါတယ်။
အီရန်နိုင်ငံက ရှီးယိုက် မွတ်စလင်တွေရဲ့ ဘာသာရေးမြို့ ဖြစ်တဲ့ ခွန်းမ်မြို့မှာ နိုဝင်ဘာလက စခဲ့ပြီး မြို့ ၄ မြို့ထက်မနည်းက ကျောင်း ၃၀ ကျော်မှာ အဆိပ်နဲ့ တိုက်ခိုက်တာ ခံခဲ့ရလို့ တချို့ ကျောင်းသားမိဘတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းထုတ်ခဲ့ကြတယ်လို့ အစိုးရ မီဒီယာက ဖော်ပြပါတယ်။
လတ်တလော လတွေအတွင်း မတူတဲ့ ကျောင်းတွေမှာ မိန်းကလေးတွေ အဆိပ်နဲ့ တိုက်ခိုက်ခံရတဲ့ ကိစ္စကို အီရန်အစိုးရက စုံစမ်းစစ်ဆေးဖို့ အမေရိကန်က အီရန်ကို မတ် ၁ ရက်က တိုက်တွန်းခဲ့တယ်လို့ အမေရိကန်အစိုးရ ပြောခွင့်ရက ပြောခဲ့ပါတယ်။