close

အပူချိန်သတိပေးချက်

close

April 21, 2023

ထိုင်းနိုင်ငံတွင် အပူချိန်သတိပေးချက် ထုတ်ပြန်

ထိုင်းနိုင်ငံမှာ ခုတပတ်တွင်း အပူချိန်တွေ သိသာစွာ မြင့်မားနေတာကြောင့် ကျန်းမာရေးအတွက် သတိထားဖို့ ထိုင်းမိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် ၂၀၂၃ ဧပြီ ၂၁ ရက် ဒီနေ့မှာ အပူချိန် အမြင့်ဆုံး ၅၄ ဒီဂရီစင်တီဂရိတ်ထိ ခံစားသိရှိနိုင်ကြောင်း၊ အဆိုပါဒေသတွေမှာ ထိုင်းအလယ်ပိုင်း ဘန်ကောက်ခရိုင် ဘန်းနားနယ်မြေ၊ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်၊ အရှေ့ပိုင်း ချွန်းပူးရီးခရိုင် လဲမ်ချဘန်းမြို့နယ်နဲ့ တောင်ပိုင်း ဖူးကက်ခရိုင် ဖူးကစ်မြို့တွေမှာ အမြင့်ဆုံးအပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်ထိ ခံစားနိုင်လို့ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိဇုန် ဖြစ်တယ်လို့ ဆိုပါတယ်။

အပူချိန်အန္တရာယ်ရှိ နောက်ထပ်ဒေသတွေမှာ ထိုင်းမြောက်ပိုင်း ဖစ်ချ်ဘွန်းခရိုင် ၄၈ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နဲ့ အရှေ့မြောက်ပိုင်း မဟာဆာရခန်းခရိုင် ကိုးဆုမ်ဖိဆိုင်မြို့နယ် ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ ရှိမယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အပူချိန်ကို ၄၁ မှ ၅၃ ဒီဂရီစင်တီဂရိတ်ထိ သတ်မှတ်ပြီး အဆိုပါဒေသတွေရဲ့ အခြေအနေဟာ စိုးရိမ်မှတ်ထက် ကျော်လွန်နေတာကြောင့် အများပြည်သူတွေအနေနဲ့ ပူပြင်းမှုအန္တရာယ် Heat Index/Heat Stroke ဖြစ်ခြင်း၊  အပူရှပ်ခြင်း၊ ကြွက်တက်ခြင်း၊ ရုတ်တရက်မူးလဲခြင်း စတာတွေ အထူးသတိထားကာကွယ်ဖို့ လိုအပ်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် နေပူထဲထွက်တာနဲ့ မွန်းကြပ်တဲ့နေရာတွေ ရှောင်ကြည်ပြီး အပြင်ထွက်ပါက ထီး၊ ဦးထုပ်အကာအရံတွေဆောင်းတာ၊ နေပူထဲမှာ အချိုရည်၊ လစ်ပို၊ အားဖြည့်အချိုရည်၊ ဘီယာ၊ ဝိုင်တွေသောက်ခြင်းမှ ရှောင်ကြည်ဖို့၊ မိမိခန္ဓာကိုယ်ထဲ ရေဓာတ်ခန်းခြောက်မှု မရှိအောင် သတိထားဖို့၊ မကြာခန ရေသောက်ပေးဖို့၊ အနီးနားမှာ အရေးပေါ်လူနာရှိက အလျှင်မီကယ်ဆယ်နိုင်ဖို့ ၁၆၆၉ အပါအဝင် အရေးပေါ်ဖုန်းနံပါတ်တွေ ဆောင်ထားဖို့ သတိပေးထားပါတယ်။

ထိုင်းမှာ အခုလို ပူပြင်းပြီးတဲ့နောက် လာမယ့် ဧပြီ ၂၄ မှ ၂၇ ရက်တွေမှာတော့ အပူပိုင်းမုန်တိုင်းကို သတိထားရမှာဖြစ်ကြောင်း၊ အထူးသဖြင့် ထိုင်းအရှေ့မြောက်ပိုင်း ဒေသကစပြီး ရာသီဥတုဖောက်ပြန်ကာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။

ပစိဖိတ်သမုဒ္ဒရာမှာ SANVU အမည်ရှိ မုန်တိုင်းတွေ့ရှိပေမဲ့ ထိုင်းနိုင်ငံနဲ့ အလှမ်းဝေးတာကြောင့် ထိခိုက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟန်ဒုံး၊ မဲ့အိုင်း၊ မဲ့လိမ်း၊ ဆမိုင်း၊ ဖှန်နဲ့ ချင်းရိုင်းခရိုင် ချင်းရိုင်း၊ မယ်ဆိုင်၊ မဲ့လောဝ်း၊ ကျိန်းရုန့်၊ ဝိန်းကဲန်၊ မယ့်ဆွေ စတဲ့မြို့နယ်တွေမှာ မနေ့ညနေပိုင်းက မိုးရွာပြီး မိုးသီးတွေ ကြွေခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိဘဲ ပူအိုက်မှု အနည်းငယ်သက်သာခဲ့ပါတယ်။

ဒါပေမဲ့ မီးခိုးမြူတွေ လုံးဝကင်းစင်သွားတာ မရှိသေးဘဲ ချင်းမိုင်မြို့နယ်ဟာဆိုရင် ဒီကနေ့မနက်မှာ မီးခိုးမြူသိပ်သည်းဆ ၁၆၈ AQI နဲ့ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံးမြို့ ဖြစ်နေသေးတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ကိုးကား - https://tna.mcot.net/environment-1157847

12 mins Ago
Up