မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုကောင်းတဲ့ တန်ပြန်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် တောင်ကိုရီးယားရှိ အမေရိကန်စစ်တပ်ဟာ ဒီဇင်ဘာ ၁၄ ရက်က အာကာသတပ်ဖွဲ့အသစ်တခုကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
အမေရိကန် အာကာသတပ်ဖွဲ့ ကိုရီးယားဟာ အာကာသတပ်ဖွဲ့ရဲ့ ဒုတိယမြောက် ပင်လယ်ရပ်ခြား အာကာသအစိတ်အပိုင်းဖြစ်ပြီး ဝင်လာတဲ့ ဒုံးကျည်တွေကို စောင့်ကြည့်တာ၊ ထောက်လှမ်းတာနဲ့ ခြေရာခံတာတွေအပြင် စစ်တပ်ရဲ့ အလုံးစုံအာကာသစွမ်းရည်ကို မြှင့်တင်ဖို့ တာဝန်ရှိပါတယ်။
အမေရိကန်စစ်တပ်-တောင်ကိုရီးယားရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ပေါလ် လာကမ်မ်ရာဟာ တောင်ကိုရီးယားနိုင်ငံ ဖြောင်းတက်ခ်မြို့ရှိ အိုဆန်လေတပ်စခန်းမှာ ဒုဗိုလ်မှူးကြီး ဂျိုရှူဝါ မက်ကူလင် ဦးဆောင်မယ့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အခုနှစ်အတွင်း အမေရိကန်ပြည်မကြီးကို ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားကို ဟန့်တားဖို့အတွက် ဆိုးလ်နဲ့ ဝါရှင်တန်တို့က လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို စတင်လိုက်တာ ဖြစ်ပါတယ်။
အမေရိကန် အာကာသတပ်ဖွဲ့ အင်ဒို-ပစိဖိတ်ရဲ့ အစိတ်အပိုင်းခွဲဖြစ်တဲ့ အမေရိကန် အာကာသတပ်ဖွဲ့ ကိုရီးယားကို ဒီကနေ့ ဒီနေရာမှာ စတင်အသက်သွင်းလိုက်တာဟာ ကျွန်ုပ်တို့ရဲ့ ဇာတိမြေကို ကာကွယ်မယ့် ကျွန်ုပ်တို့ရဲ့စွမ်းရည်ကို မြှင့်တင်ပေးပြီး အထူးသဖြင့် ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို သေချာစေဖို့ ဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့ရဲ့ ကိုရီးယားတပ်မှူး ဗိုလ်ချုပ်ကြီး ပေါလ် လာကမ်မ်ရာက ပြောပါတယ်။
အမေရိကန်ရေတပ်နဲ့ စစ်တပ်က ဗာဂျီးနီးယားပြည်နယ်က ပင်လယ်ကမ်းစပ်မှာရှိတဲ့ ဒုံးပျံပစ်စင်ကနေ ဒုံးပျံတစင်းကို အောက်တိုဘာ ၂၆ ရက်က ပစ်လွှတ်ခဲ့ပါတယ်။
လက်နက်အဆင့်အတန်း အသစ်တခုကို တီထွင်ရာမှာ အထောက်အပံ့ဖြစ်စေဖို့ အသံထက်မြန်တဲ့ လက်နက်စမ်းသပ်မှု တဒါဇင်လောက်ကိုပြုလုပ်ဖို့ဖြစ်ပြီး စမ်းသပ်ချက် အောင်မြင်တယ်လို့လည်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာရဲ့ ဒီစမ်းသပ်မှုကို စန်ဒီယာ အမျိုးသားဓာတ်ခွဲခန်းက လုပ်ဆောင်ခဲ့တာပါ။
အသံထက်မြန်တဲ့ လက်နက်ဆက်သွယ်ရေးနဲ့ လမ်းကြောင်းပြကိရိယာတွေအပြင် လက်တွေ့ဆန်တဲ့ အသံထက်မြန်တဲ့၊ ပတ်ဝန်းကျင်မှာ အပူဒဏ်ခံနိုင်တဲ့ အဆင့်မြင့်ပစ္စည်းတွေကို အကဲဖြတ် စမ်းသပ်ခဲ့တယ်လို့ ရေတပ်က သတင်းထုတ်ပြန်ပါတယ်။
ဒုံးပျံက လေထုအပေါ်ပိုင်းကို ရောက်တော့မှ အသံထက်မြန်တဲ့ယာဉ်တွေကို ထပ်လွှတ်တင်ခဲ့တာပါ။
ဒီယာဉ်က အသံရဲ့အမြန်နှုန်းထက် ငါးဆကျော်အမြန်နှုန်းဖြစ်တဲ့ တနာရီ ၃,၈၅၃ မိုင်နှုန်းနဲ့ ပစ်မှတ်ဆီ ပျံသန်းသွားခဲ့ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဘက်တွေဟာ လက်နက်မျိုးဆက်သစ်တွေနဲ့ အသံထက်မြန်တဲ့ လက်နက်တွေ ထုတ်လုပ်ဖို့ အရှိန်အဟုန် အရှိန်မြှင့်နေပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့ ပင်တဂွန်ဟာ မြေပြင်စမ်းသပ်မှုနဲ့ စနစ်အပြည့်ပျံသန်းမှု စမ်းသပ်ခြင်းကြားမှာ အရေးပါတဲ့ ကွာဟချက်တခုကို ဖြည့်ဆည်းဖို့ သေးငယ်ပြီး စျေးပိုသက်သာတဲ့ စမ်းသပ်ယာဉ်ကိုသုံးရင်း စမ်းသပ်မှုနဲ့ ရှေ့ပြေးပုံစံတွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
လော့ဟိဒ် မာတင် ကော်ပိုရေးရှင်းနဲ့ ရေသီယွန် တက္ကနိုလိုဂျီ ကော်ပိုရေးရှင်းတို့လို ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ အသံထက်မြန်တဲ့ လက်နက်စွမ်းရည်ကို မြှင့်တင်ဖို့ ဆောင်ရွက်နေပါတယ်။