အမေရိကန်နဲ့မက္ကဆီကို နယ်စပ်ရှိ မြစ်မှာ စွန့်ပစ်ခံထားရတဲ့ကလေးငယ် ၃ ဦးကို မက္ကဆီကိုရဲ့ ရွှေ့ပြောင်းအခြေချ တာဝန်ရှိသူတွေက ဇန်နဝါရီလ ၁၂ ရက်မှာ ကယ်ဆယ်ခဲ့ပါတယ်။
မက္ကဆီကို ရွှေ့ပြောင်းအခြေချ နေထိုင်သူများ သက်သာချောင်ချိရေး အေဂျင်စီ ဂရူပိုဘီတာအဖွဲ့ ဟာ ပီရပ်ဒရပ်စ် နေးဂရက်စ်မြို့ရှိ ရီယိုဘရာဗိုမြစ်ထဲက ကျွန်းငယ်လေးတခုမှာ သောင်တင်နေတဲ့ ဆဲလ်ဗေးဒိုယန် ညီအစ်မ ၃ ယောက်ကို ကယ်ဆယ်ခေါ်ယူလာခဲ့တာပါ။
ဒီကလေးငယ် ၃ ဦးဟာ အသက် ၉ နှစ်၊ ၆ နှစ်နဲ့ ၁ နှစ်အရွယ်သာ ရှိသေးပြီး သူတို့ကို မက္ကဆီကိုနိုင်ငံက မိသားစုတွေ ပေါင်းစည်းရေးဆိုင်ရာအဖွဲ့အစည်းတခုဖြစ်တဲ့ (DIF) အဖွဲ့အစည်းက လက်ရှိမှာ ထိန်းသိမ်းပေးထားကြောင်း အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်ထဲမှာ အတည်ပြုထားပါတယ်။
အမေရိကန်ဟာ တခြားလက်တင်အမေရိကနိုင်ငံတွေကနေ အမေရိကန်တောင်ပိုင်းနယ်စပ်ကို ရောက်ရှိလာသူတွေအတွက် နယ်စပ်ထိန်းချုပ်မှုတွေကို တင်းကျပ်ထားပါတယ်။
ဇန်နဝါရီ ၅ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဘက် နှစ်ဖက်မဟာဗျူဟာအသစ်ကို ကြေညာခဲ့ပါတယ်။
တဖက်က အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က ကျူးဘား၊ ဟေတီနဲ့ နီကာရာဂွါနိုင်ငံက ရွှေ့ပြောင်း အခြေချသူတွေကို တားမြစ်ပိတ်ဆို့မယ့် အစီအမံဖြစ်ပြီး တဖက်မှာတော့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့အတွက် အကန့်အသတ်ရှိတဲ့ တရားဝင်လမ်းကြောင်းကို ဖွင့်ပေးထားပါတယ်။
ဒီဆောင်ရွက်ချက်ဟာ စံချိန်တင် နယ်စပ်ဖြတ်ကျော်မှုတွေကို လျှော့ချဖို့နဲ့ ရီပတ်ဘလီကန်တွေရဲ့ ဝေဖန်မှုတွေကနေ ဘိုင်ဒင်ကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကြေညာချက်ဟာ ဘိုင်ဒင်ရဲ့ ခိုလှုံခွင့် ပြန်ရရေးဆိုတဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကနေ ရှောင်လွဲရာကျနေခဲ့တာပါ။
Title 42 လို့ သိထားတဲ့ ကန့်သတ်ချက်တွေအရ နယ်စပ်မှာ ဖမ်းမိထားတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို အမေရိကန်နိုင်ငံအတွင်း ခိုလှုံခွင့် တောင်းဆိုခွင့်မရှိစေဘဲ မက္ကဆီကိုနိုင်ငံဆီ ချက်ချင်း နယ်နှင်ဒဏ်ပေးနိုင်ဖို့ အာဏာပိုင်တွေကို ခွင့်ပြုထားပါတယ်။
မက္ကဆီကိုနိုင်ငံကလည်း သူ့နိုင်ငံသားတွေနဲ့ ဗဟိုအမေရိကနိုင်ငံသားတချို့ကိုသာ ပြန်လက်ခံခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဗင်နီဇွဲလားနိုင်ငံသားတွေကို လက်ခံဖို့ သဘောတူညီခဲ့ပြီး လက်ရှိ အချိန်မှာတော့ နောက်ထပ်နိုင်ငံသားတွေကိုပါ ထပ်တိုးလက်ခံနေတာ ဖြစ်ပါတယ်။
မက္ကဆီကို အာဏာပိုင်တွေဟာ အမေရိကန်နယ်စပ်အနီး ရာချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရှိရာ နိုင်ငံမြောက်ပိုင်းက ယာယီစခန်းတွေကို ဖေဖော်ဝါရီ ၆ ရက်က ရှင်းလင်းခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀၀ နီးပါးကို နယ်စပ်မြို့ တီဟွာနာအနားက ခိုလှုံရေးစခန်း ၃ ခုဆီ ဘတ်စ်ကားတွေနဲ့ လွှဲပို့ပေးခဲ့တယ်လို့ မြို့တော်ဝန် မွန်ဆီရတ် ကာဘယ်လေရိုက ပြောပါတယ်။
သူတို့ တီဟွာနာမှာ နေချင်သည်ဖြစ်စေ၊ လာရာနိုင်ငံဆီကို ပြန်ချင်သည်ဖြစ်စေ ကူညီမယ်လို့ မြို့တော်ဝန်က ကတိပြုထားပါတယ်။
အမျိုးသားအစောင့်တပ်က စစ်သည်တွေ အပါအဝင် ဒါဇင်ချီတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စခန်းတွေကိုဖျက်ပြီး သံဇကာတွေနဲ့ ကာနေတာကိုလည်း တွေ့ရပါတယ်။
မက္ကဆီကို နိုင်ငံထဲမှာ တရားဝင်နေဖို့ စာရွက်စာတမ်းတွေကို တောင်ပိုင်းနယ်စပ်မှာ ရှိနေတဲ့ ရွှေ့ပြောင်းနထိုင်သူ အယောက် ၂ ထောင်နီးပါးအတွက် ထုတ်ပေးတဲ့ လုပ်ငန်းစဉ် အရှိန်မြှင့်ရေး လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကို မက္ကဆီကို အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ သူတို့ဇာတိမြေကနေ နှစ်စဉ်ထွက်ပြေးရင်း အမေရိကန်ကို ရောက်ဖို့ ကြိုးစားနေတာပါ။
ဒါပေမဲ့ သူတို့ထဲက လူအများအပြားကတော့ မက္ကဆီကိုနိုင်ငံထဲမှာ ခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။