close

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ

close

April 6, 2023

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ထိုင်ဝမ်သမ္မတ တွေ့ဆုံ

တရုတ်နိုင်ငံက ခြိမ်းခြောက်နေတဲ့ကြားက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီဟာ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့ ဧပြီ ၅ ရက်က ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက် အပြန်အလှန် ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောထားကို ဆွေးနွေးခဲ့ကြတယ်လို့ သူတို့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီမိုကရေစီခြိမ်းခြောက်မှု ခံနေရချိန်မှာ ထိုင်ဝမ်ဘက်က ရပ်တည်ပေးခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ဆိုင်အင်းဝမ်က ပြောခဲ့ပါတယ်။

“ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့၊ ကျမတို့ အားကောင်းခိုင်မာရမယ်” ဆိုတဲ့ အမေရိကန် သမ္မတဟောင်း ရော်နယ်ရေဂင်ရဲ့ ယုံကြည်ချက်ကို ကိုးကားပြီး ဆိုင်က မက်ကာသီနဲ့ တခြား ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီမီတောင်ကြားမှာရှိတဲ့ ရော်နယ်ရေဂင် သမ္မတစာကြည့်တိုက်ထဲမှာ တွေ့ဆုံအပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း သမ္မတအဖြစ်ရေဂင် စီးနင်းပျံသန်းခဲ့တဲ့ အပြာနဲ့ အဖြူရောင် ဘိုးရင်းလေယာဉ်ရှေ့က ခန်းမဆောင်တခုမှာ ဆိုင်နဲ့ မက်ကာသီတို့ ဘေးချင်းကပ်လျက် မတ်တပ်ရပ်ရင်း ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ပြီးတဲ့နောက် ဆိုင်နဲ့ မက်ကာသီတို့ တွေ့ဆုံမှုမတိုင်မီ တရုတ်လေယာဉ်တင်သင်္ဘော အုပ်စုဟာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့တောင်ဘက်ကမ်းလွန် ပင်လယ်ပြင်မှာ ရှိနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထောက်ခံသူတွေဟာ ထိုင်ဝမ်သမ္မတ တယောက်အတွက် အမေရိကန်ပြည်ထောင်စုရဲ့ မြေပေါ်မှာ အမြင့်ဆုံးအဆင့်တွေ့ဆုံပွဲအတွက် ထိုင်ဝမ်အလံတွေကို ဝှေ့ယမ်းရင်း ထိုင်ဝမ် တောင့်ထားလို့ အဓိပ္ပာယ်ရတဲ့ ကျားယိုထိုင်ဝမ်လို့ အော်ဟစ် ကြွေးကြော်ခဲ့ကြပါတယ်။

ကီဗင်မက်ကာသီဟာ ၁၉၇၉ ခုနှစ်ကတည်းက အမေရိကန်မြေပေါ်မှာ ထိုင်ဝမ်ခေါင်းဆောင်တဦးနဲ့ တွေ့တဲ့ ရာထူးအကြီးဆုံး အမေရိကန်အရာရှိ ဖြစ်လာခဲ့ပါတယ်။

2 hours Ago

March 30, 2023

ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံပါက လက်တုံ့ပြန်မည်ဟု တရုတ် ခြိမ်းခြောက်

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ရဲ့ အမေရိကန်တထောက်နားဖို့ စီစဉ်ထားတဲ့ ခရီးစဉ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီက ထိုင်ဝမ်သမ္မတနဲ့ တွေ့ဆုံမယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ တရုတ်အစိုးရက မတ် ၂၉ ရက်မှာ ခြိမ်းခြောက်ခဲ့ပြီး ဘယ်လိုလုပ်ဆောင်မှုမျိုးမဆို ရန်စတဲ့လုပ်ရပ် ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ဆိုင်အင်းဝမ်ရဲ့ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်းသွားလာမှုတွေဟာ အမေရိကန်အရာရှိတွေနဲ့ ဥပဒေပြုအမတ်တွေကို တွေ့ဆုံဖို့ အကြောင်းခံအဖြစ် အသုံးချခဲ့တာလို့ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန်းလျန်က ပေကျင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဆိုင်အင်းဝမ်ဟာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မက်ကာသီနဲ့ ဆက်သွယ်မယ်ဆိုရင် ဒါဟာ တရုတ်တပြည်တည်း မူဝါဒကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်သလို တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးနဲ့ အဲဒီတည်ငြိမ်မှုကို ဖျက်ဆီးတဲ့ နောက်ထပ်ရန်စမှုတွေ ဖြစ်လာမှာပါလို့လည်း ထိုင်ဝမ်သမ္မတ ခရီးမထွက်ခွာခင်လေးမှာ ကျူးဖုန်းလျန်က ပြောပါတယ်။

တရုတ်က ဒါကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး သေချာပေါက် ပြန်တုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အနေနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒနဲ့ အမေရိကန်-တရုတ် ပူးတွဲကြေညာချက် သုံးခုပါ ပြဋ္ဌာန်းချက်တွေကို စွဲစွဲမြဲမြဲလိုက်နာဖို့ တိုက်တွန်းကြောင်း၊ ဆိုင်အင်းဝမ်ကို အမေရိကန်မှတဆင့် တထောက်နား ဖြတ်သန်းခြင်း သို့မဟုတ် အမေရိကန် အရာရှိတွေနဲ့ အဆက်အသွယ် မလုပ်စေဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံဘဲသူ့ရဲ့ လေးနက်တဲ့ ကတိကဝတ်ကို ဖြည့်ဆည်းရာမှာ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လည်း တိုက်တွန်းကြောင်း တရုတ်တိုင်ပေရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန်းလျန်က ပြောသွားပါတယ်။

ထိုင်ဝမ်ရှိ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာကလည်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့ တရုတ်ဆန့်ကျင်ရေး အမေရိကန်နိုင်ငံရေးသမားတွေကြား တွေ့ဆုံနိုင်ခြေ အလားအလာရှိတဲ့ အစည်းအဝေးကို ဆန့်ကျင်ကန့်ကွက်ကြောင်း တိုင်ပေမှာ ဆန္ဒပြခဲ့ကြပါတယ်။

တထောက်နားခရီးစဉ်လို့ ခေါ်ဆိုထားတဲ့ ခေါင်းစဉ်အောက်မှာ စီစဉ်ထားတဲ့ သမ္မတ ဆိုင်ရဲ့ အမေရိကန်မှာ စီစဉ်ထားတဲ့ အစည်းအဝေးကို “ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှု” လို့ ရှုမြင်ပြီး ပူးပေါင်းလှုပ်ရှားမှုလုပ်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကနေ စီစဉ်တဲ့ မတ် ၂၈ ရက်က ဆန္ဒပြပွဲမှာ အလွှာအသီးသီးက လူ ၂၀၀ လောက် စုဝေးခဲ့ကြပြီး ထိုင်ဝမ်လွတ်လပ်ရေးနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြလူငယ်တွေရဲ့ ကိုယ်စားလှယ်တွေဟာ  ရေးသားထားတဲ့ ဆန္ဒပြစာတွေကို ထိုင်ဝမ်ကျွန်း သမ္မတရုံးက ကိုယ်စားလှယ်တယောက်ဆီ ပေးပို့ခဲ့ပါတယ်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အာဏာပိုင်တွေရဲ့ အမေရိကန်နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းကြံစည်တဲ့ လုပ်ရပ်တွေဟာ ထိုင်ဝမ်ကို သစ္စာဖောက်တာဖြစ်ပြီး သူတို့ကိုယ်သူတို့ ထိုင်ဝမ်ပြည်သူတွေရဲ့ ရန်သူတွေအဖြစ် သတ်မှတ်လိုက်တာပဲလို့ ဆန္ဒပြသူတွေက ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

DPP အာဏာပိုင်တွေဟာ ရေလက်ကြားရဲ့ နှစ်ဖက်အကြား ဆန့်ကျင်ဘက်ဝါဒနဲ့ ရန်ငြိုးဖွဲ့တာတွေကို ဖန်တီးဖို့ အယူဝါဒဆိုင်ရာ ခြယ်လှယ်မှုတွေကို စဉ်ဆက်မပြတ် ရည်ရွယ်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို စီစဉ်သူ ထိုင်ဝမ် အလုပ်သမားပါတီ ဥက္ကဋ္ဌ ဝူကျုံးယွမ်က ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုဟာ ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး နှစ်ဖက်စလုံးရှိ ပြည်သူတွေရဲ့ ခံစားချက်ကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါတယ်။

“ထိုင်ဝမ်ကို ဖျက်ဆီးပစ်မယ့် အစီအစဉ်နဲ့အတူ ထိုင်ဝမ်ကို စစ်ပွဲကြီးထဲ တွန်းပို့လိုက်တဲ့ အမေရိကန်ရဲ့ လှုပ်ရှားမှု လှိုင်းလုံးတွေလို ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ဖျက်ဆီးပစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” လို့ ဝူကျုံးယွမ်က ပြောပါတယ်။

1 week Ago
Up