မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ၄ မိုင်ရွာနဲ့ ၆ မိုင်ရွာကြားမှာ စစ်ကောင်စီတပ်စစ်ကားနှစ်စီးကို ဧပြီ ၁၂ ရက် မနက် ၅ နာရီ ၁၀ မိနစ်မှာ တကြိမ်၊ နောင်လုံသံတံတားအနီးမှာ တကြိမ်၊ စုစုပေါင်းနှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ်ပကဖက ပြောပါတယ်။
"ပထမတကြိမ်က ကားနောက်ပိုင်းကိုထိတော့ သူတို့ပြန်ပစ်ပြီး ဆက်မောင်းသွားတယ်။ ဒုတိယအဆိုင်းက ဒဲ့ထိပါတယ်၊ ၁၅ ယောက်သေတယ်၊ ၅ ယောက်ကတော့ ခြေပြတ်လက်ပြတ်ပါ” လို့ တကောင်းမြို့နယ်ပကဖသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၁၂ ဘီးကားနှစ်စီးကို နှစ်ကြိမ် မိုင်း ၆ လုံး အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့စစ်သားတွေကို တကောင်းမြို့တွင်းကနေ နာရေးကားသုံးစီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မိုင်းထိမှန်ပျက်စီးသွားတဲ့ကားကို စစ်ကောင်စီတပ်စစ်သားတွေက ညောင်ကုန်းရွာထဲမှာနားပြီးနောက် ကားကိုကြိုးနဲ့ ဆွဲသယ်သွားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တကောင်းမြို့အနီး ညောင်ကုန်းကျေးရွာမှာ မတ် ၂၈ ရက်နေ့ကလည်း စစ်သား ၆၀ ပါ စစ်ကြောင်းကို ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာခဲ့တယ်လို့ တကောင်းပကဖက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲ ၄၅ မိနစ်ကြာပြီးနောက် စစ်တပ်က ညောင်ကုန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပိုက်ဆံ၊ ဖုန်း၊ အချိုရည်ဘူးတွေ၊ ခေါက်ဆွဲခြောက်နဲ့ အခြားဖိုးတန်းပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းကင်းဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မင်းကင်းမြို့ပေါ်ကို စစ်ကိုင်းတိုင်းရဲ့စစ်ကောင်စီခန့် တာဝန်ရှိသူ ဗိုလ်ချုပ် မြတ်ထွန်ဦး စက်တက်ဘာ ၂၉ ရက်က လာရောက်တာကို လုံးခြုံရေး လုပ်ပေးပြီး ခရီးစဉ်ပြီးဆုံး သွားပြီးနောက် မင်းကင်းမြို့နယ်ကို စစ်ကြောင်းထိုးနေတာလို့ မင်းကင်းမြို့နယ်ဒေသခံ တဦးက ပြောပါတယ်။
“နှစ်ဘက်လုံး ပစ်နေတာလား။ စစ်ကောင်စီက ပစ်နေတာလားတော့ မပြောနိုင်ဘူး။ အသက် မသေအောင် ထွက်နေရတာ ဒီနေ့ဆို ၃ ရက်ရှိပြီ။ အခုလည်း ထုံးမန်းရွာကို မီးရှို့တာ အဝေးက တွေ့ရတယ်။ ရွာသားတွေ အကုန်ထွက်ပြေးနေရတယ်။”
အခုစစ်ကောင်စီ စစ်ကြောင်းထိုးနေတာကြောင့် မင်းကင်းမြို့နယ်အတွင်းက လင်းလု၊ ဖက်ထုပ်၊ ညောင်ကိုင်း၊ ထုံးမန်း၊ ပသေး၊ အင်းဒေါင်း၊ အထက်စသာရွာက ဒေသခံ ထောင်နဲ့ချီ စစ်ဘေး ရှောင်နေရတယ်လို့ သိရပါတယ်။
မင်းကင်းတပ်ရင်း ၂ တာဝန်ရှိသူက “စစ်အင်အား ၂၀၀ ကျော် နဲ့ ကျနော်တို့ တပ်ရင်း ၂ ပိုင်နက် နယ်မြေထဲ ဝင်လာတယ်။ အဲဒီလို ဝင်လာလို့ ထုံးမန်းရွာနားမှာ တိုက်မိုင်းထောင်ထားခဲတာကို သူတို့ မိသွားတယ်။ ၄ ယောက် သေတယ်။ ၂ ယောက် ဒဏ်ရာရသွားတယ်။”
စက်တင်ဘာ ၃၀ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က စက်လက်၊ ၆၀ မမ၊ ၁၂၀ မမတွေ ပစ်ခတ်ပြီး ထိုးစစ်ဆင်လာတာကြောင့် ခံစစ်နဲ့ လက်နက်ခြင်းမမျှလို့ နောက်ဆုတ်ခဲ့တာကြောင့် အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၁ ရက်မှာလည်း စစ်ကောင်စီတပ်ဟာ တပ်ဆုတ်တဲ့ဘက်ကို ထိုးစစ်နဲ့ လိုက်လာတာကြောင့် တိုက်မိုင်းထိပြီး ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းကင်းတပ်ရင်း ၂ တာဝန်ရှိသူက ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲတွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက်လို့ စက်တင်ဘာအတွင်း စခန်းမှူးအဆင့်ရှိသူ တယောက်အပါဝင် စစ်သား၊ပျူစောထီး အများအပြား ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၁ ရက်ထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ကျဆုံးဒဏ်ရာရ စာရင်းကို စစ်ကောင်စီက မထုတ်ပြန်သေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည် မပြုနိုင်သေးပါဘူး။