စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီ ၄ ရက်နေ့ ဒီကနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းထောင်က ပြန်လွတ်လာသူတွေအထဲမှာ အမျိုးသမီးသတင်းထောက် ၂ ယောက်အပါအဝင် သတင်းထောက်အချို့လည်း ပါဝင်လာ ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ အလွတ်တန်းသတင်းထောက် မသူဇာနဲ့ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ ရုပ်သံသတင်းထောက် မလွေးအမ်ဖောင်းတို့ ဒီနေ့ပြန်လည်လွတ်မြောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
VOM သတင်းဌာနက သတင်းထောက် ကိုပြည့်ဖြိုးအောင်၊ 7 Day သတင်းဌာနက သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းတို့လည်း ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
ဒါ့ပြင် ပြည်မြို့ အကျဉ်းထောင်ကနေ သတင်းထောက် ရဲထွန်းဦး (ခ) မောင်ကောင်း(အလင်းမြေ) ဒီနေ့ နေ့လယ်က ပြန်လွတ်မြောက်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီနေ့လွတ်မြောက်လာတဲ့အထဲမှာ သတင်းထောက်အရေအတွက် စုစုပေါင်းဘယ်လောက် ပါဝင်သလဲဆိုတာကိုတော့ လတ်တလော အတည်မပြုနိုင်သေးပါဘူး။
ရန်ကုန်အခြေစိုက် အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခ) မသူဇာဟာ စစ်တပ်မုန်းတီးရေး ရေးသားဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀၅ (က) နဲ့ အင်းစိန်ထောင်တွင်း တရားရုံးမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပိတ်သိမ်းခံရတဲ့ သတင်းမီဒီယာဌာန တဒါဇင်ကျော်ရှိပြီး သတင်းသမား အနည်းဆုံး ၂ ယောက် သေဆုံးခဲ့ကာ ၁၃၅ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
တချို့ပြန်လွတ်လာကြပေမဲ့ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၆၀ ကျော် ကျန်ရှိနေသေးတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) စာရင်းအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း အမေရိကန်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း ထုတ်ပြန်ထားပါတယ်။
RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းစာရင်းထဲက နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံအဆင့် ၁၇၆ မှာ ရှိနေပါတယ်။
ရန်ကုန်ကသပိတ်ကို စစ်ကောင်စီက ကားနဲ့တိုက်ဖမ်းတုန်းက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး သတင်းထောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ပါ ထပ်ပြီး အမှုဖွင့်လိုက်တယ်လို့ ရှေ့နေတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းက သပိတ်ကို စစ်တပ်က ကားနဲ့ဝင်တိုက်ဖြိုခွင်းဖမ်းဆီးရာမှာ ရုပ်သံသတင်းထောက် တယောက်ဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းလည်း ပါသွားခဲ့တာပါ။
သူ့ကို ကြည့်မြင်တိုင်မြို့မရဲစခန်း စခန်းမှူးက တရားလိုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှာ တရားစွဲဆို စစ်ဆေးနေချိန်မှာပဲ နောက်ထပ် ရဲစခန်းမှူးတယောက်က ပုဒ်မတခုနဲ့ ထပ်မံတရားစွဲဆိုလိုက်တာပါ။
“ဒီအမှုကို အင်းစိန်ထောင်ထဲမှာ ဖွင့်လှစ်တဲ့ အထူးတရားရုံးမှာ စစ်ဆေးနေတာ လာမယ့် အောက်တိုဘာ ၅ ရက်မှာ မမှူးရတနာဘက်က သက်သေတွေကို စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။ ဒီအမှုကို ရင်ဆိုင်နေစဉ်မှာပဲ စက်တင်ဘာ ၃၀၊ ညနေ ၃ နာရီ ၃၀ မိနစ်မှာ တာမွေမြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ ထပ်မံတရားစွဲတင်ပို့ခဲ့ပါတယ်” လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် မမှူးရတနာခက်မို့မို့ထွန်း ဦးခေါင်းအရေခွံ တခုလုံး ကွာကျခဲ့သလို နားရွက်လည်း ပြတ်လုနီးပါးဖြစ်ခဲ့ပါတယ်။ မျက်လုံးတဖက်လည်း ထိခိုက်ခဲ့သလို ခြေထောက်တချောင်းလုံးလည်း ကျိုးကြေခဲ့ရပါတယ်။
ဒဏ်ရာတွေကို ကုသခဲ့လို့ ရှင်သန်လွတ်မြောက်ခဲ့ပေမယ့် အခု ၁၀ လပြည့်တဲ့အထိ ကျန်းမာရေး အပြည့်အဝမကောင်းသေးပါဘူး။
အကျိုးဆောင်ရှေ့နေက “မမှူးရတနာရဲ့ လက်ရှိအခြေအနေက ၂ လွှာမှာရှိနေတဲ့ တရားရုံးဆီကို လှေကားထစ်တွေကတဆင့် တက်ဖို့ ခက်ခဲတဲ့အခြေအနေ ဖြစ်တာကြောင့် အင်းစိန်ထောင်အတွင်း အထူးတရားရုံးမှာပဲ စစ်ဆေးပေးဖို့ ကျနော်တို့ နှုတ်ဖြင့်တင်ပြထားပါတယ်။ လာမယ့်ရုံးချိန်းမှာ စာနဲ့ တင်ပြပါမယ်” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သတင်းထောက်တွေကို ရန်သူလိုသဘောထား ဖမ်းဆီးနှိပ်စက်တာတွေလုပ်ခဲ့သလို လက်ရှိအချိန်အထိ သတင်းသမား ၁၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၆၀ ကျော်ဟာ ထောင်တွေထဲမှာ ချုပ်နှောင်ခံထားရပါတယ်။