close

အလောင်း

close

May 6, 2023

ဖားကန့်မြောက်ဖြူရွာတွင် အမျိုးသား ၂ ဦး အလောင်းတွေ့၊ ဖားကန့်မြို့၌ အမျိုးသား ၂ ဦးကို စစ်တပ်ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မြောက်ဖြူရွာအဝင်မှာ မေ ၅ ရက် မနက်ပိုင်းက  သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာ၊ ထိုးသွင်း ဒဏ်ရာတွေနဲ့အတူ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို မနက် ၆ နာရီခန့်က တွေ့ရခဲ့တာလို့ ဒေသခံ တဦးက ပြောပါတယ်။

"မနက် ၆ နာရီလောက် အလောင်းတွေ့တာ။ ပုံစံကတော့ ရိုက်နှက်ပြီး သေမှ လာပစ်သွားတဲ့ ပုံစံမျိုးပဲ။ ကောင်လေး တစ်ယောက်က ရိုက်နှက် ဒဏ်ရာတွေပဲ တွေ့တယ်။ နောက်တစ်ယောက်က လည်ပင်းနားမှာ ဘာနဲ့ထိုးထားတဲ့ ဒဏ်ရာလည်းမသိဘူး တွေ့ရတယ်” 

သေဆုံးနေတဲ့ အမျိုးသား နှစ်ယောက်ကို မည်သူက သတ်ဖြတ်တယ်ဆိုတာ မသိရသလို အသတ်ခံရတဲ့ အသက် ၂၀ အရွယ် သူတို့ နှစ်ဦးဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာလည်း မသိရသေးပါဘူး။

ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်၊ ကျောက်စိမ်းတောင် ကြိုးတံတားနားမှာ  မေ ၁ ရက် မနက်က ကိုအောင်ကျော်ဦးဆိုသူ အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။

ဖားကန့်မြို့ပေါ်မှာတော့ မေ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မှော်ဝမ်းရပ်ကွက်က နေအိမ် တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးကာ မော်တော်ကားတစ်စီးကို ယူဆောင်သွားတယ်လို့  မိသားစုနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"မနက် ၁ နာရီလောက်  စစ်တပ်က ကား သုံးစီးနဲ့ ရောက်လာတယ်။ အိမ်ထဲမှာ ရှာဖွေ စစ်ဆေးပြီး  အိမ်မှာရှိတဲ့ သူ နှစ်ဦးကို ဖမ်းသွားတယ်။ ကား တစ်စီးကိုလည်း သိမ်းသွားတယ်။ ဘယ်ကို ဖမ်းသွားလည်းတော့ မသိရဘူး" 

စစ်ကောင်စီတပ်က  ဦးကျော်ဦးနဲ့ ဦးဇော်ဒွဲခေါင်ကို ဘယ်နေရာကို ဖမ်းဆီးသွားတယ်ဆိုတယ် ဆိုတာ မသိရသလို မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင် တွေလည်း စိုးရိမ်ပူပန်နေပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို မကြာခဏ ဖမ်းဆီး စစ်ဆေးနေပြီး  ဧပြီ ၁၈ ရက်က ဆိုင်းဖရာကျေးရွာကို ဝင်ရောက်ဆီးနင်းကာ ဒေသခံတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး  အမျိုးသမီး အမျိုးသား ၃၀ ဦးထက် မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

24 hours Ago

January 29, 2023

ချောက်မြို့တွင် အမျိုးသား ၃ ဦး အလောင်းတွေ့ရှိ၊ ကျန် ၁ ဦးနှင့် ကျပ်သိန်း ၁၅၀၀ ပျောက်ဆုံး

မကွေးတိုင်း ချောက်မြို့ကနေ ပခုက္ကူမြို့ကို ဇန်နဝါရီ ၂၅ ရက်က သွားခဲ့တဲ့ အမျိုးသား ၄ ယောက်ထဲက ၃ ယောက်ရဲ့အလောင်းကို  ပခုက္ကူမြို့ရင်ခွဲရုံမှာ တွေ့ရှိခဲ့တယ်လို့ ချောက်မြို့နေသူ တဦးက ပြောပါတယ်။

သေဆုံးသူ ၃ ဦးဟာ ချောက်မြို့နေ  ဦးဟာကင်း၊ ကိုမြင့်ဌေးနဲ့ ဦးရဖီးတို့ဖြစ်ပြီး အမဲလိုင်စင် လေလံဆွဲဖို့ ပျောက်ဆုံးနေသူ ရေနံချောင်းသား ဦးအာဒမ်နဲ့အတူ ပခုက္ကူမြို့ကို သွားရောက်ခဲ့တာပါ။

သေဆုံးသူ ဦးဟာကင်းရဲ့ သားနဲ့နီးစပ်သူ ချောက်မြို့နေသူက   ''သူတို့ ၄ ယောက်က ၂၅ ရက်နေ့က ချောက်မြို့ကနေ ထွက်သွားတာ။ အိမ်နဲ့အဆက်အသွယ်မရလို့ သူ့သားက လိုက်သွားတာ။ ပခုက္ကူတံတား CCTV ကြည့်တော့ အ၀င်ရော၊ အထွက်ရောမှာ သူတို့ကားကို တွေ့တယ်။ မြို့ထဲရောက်သွားတယ်ဆိုတဲ့သဘောပေါ့။၊ ဒါပေမဲ့ အဲ့ဒီ ၂၅ ရက် တရက်လုံး သူတို့ သွားရှာကြတာ ကားရော လူတွေရော မတွေ့ကြဘူး” လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာတော့ ပခုက္ကူရင်ခွဲရုံမှာ အမည်မသိအလောင်းတွေ့တယ်ဆိုလို့ သွားကြည့်တဲ့အခါမှာ သူ့အဖေနဲ့ ကျန်တဲ့ ၂ ယောက်အလောင်းကို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ချောက်မြို့နေသူက “ဘာကြောင့် သေတယ်။ ဘယ်က ရောက်လာတယ်ဆိုတာ ဆေးရုံကို မေးမရခဲ့ဘူး” လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ လိုင်စင်လေလံဆွဲဖို့ ငွေ ကျပ်သိန်း ၁၅၀၀ နဲ့ အတူပါသွားသူ ဦးအာဒမ်ကတော့ ပျောက်ဆုံးနေပါတယ်။

သေဆုံးသူ ဆွေမျိုးတယောက်က “ပျောက်ဆုံးနေတဲ့ တယောက်က ရေနံချောင်းသား။ သူကလည်း လက်ရှိ ဆင်ဖြူကျွန်းမှာ အမဲလိုင်စင် လုပ်တဲ့သူ၊ အရင်ထဲက အလုပ်တွဲလုပ်နေသူတွေ အဲ့ဒီတယောက်ရယ်၊ ငွေတွေရယ်၊ ပရာဒိုကားရယ် ပျောက်နေတာ” လို့  ပြောပါတယ်။

လတ်တလောမှာတော့ အလောင်းတွေကို ချောက်မြို့ပြန်သယ်လာပြီး ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီမှာ ဘာသာရေးဓလေ့နဲ့အညီ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

တချို့သတင်းတွေမှာတော့ ကားကို မြို့ပြင်မှာ မီးရှို့ထားတယ်လို့ဆိုနေပြီး  မိသားစုဝင်တွေတောင် မသိသေးသလို အမှုဖွင့်တာမျိုးတော့ မလုပ်ကြဘူးလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲက ဦးဟာကင်းဟာ ချောက်မြို့မှာ ဆိုင်ကယ် Show Room ဆိုင်၊ ဆိုင်ကယ်အပိုပစ္စည်းဆိုင်နဲ့ ချောက်မြို့က အမဲလိုင်စင် ရရှိထားသူဖြစ်ပြီး  ပခုက္ကူမြို့မှာလည်း အမဲလိုင်စင် ရသူဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်ထဲက ပခုက္ကူမြို့က အမဲလိုင်စင် မရတာကြောင့်  ကိုယ်တိုင် ငွေထုပ်နဲ့ သွားဆွဲတာလို့ သိရပါတယ်။ 

အခုလို အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပခုက္ကူမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်း မကိုင်ခဲ့ပါဘူး။

3 months Ago
Up