close

အာဏာသိမ်းစစ်ခေါင်းဆောင်

close

March 30, 2023

စစ်တွေကို စစ်ခေါင်းဆောင်လာရောက် ယတြာချေ ဘုရားထီးတင်ရန်ရှိသဖြင့် လုံခြုံရေး တင်းကျပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကနန္ဒာ စေတီတော်ကြီးမှာ  ဘုရားထီးတော်တင်ဖို့  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိနေတဲ့အတွက် ဘုရားအနီးတဝိုက်မှာ  လုံခြုံရေး တင်းကျပ်ထားပါတယ်။

စစ်ခေါင်းဆောင်ဟာ မတ်လ ၃၁ ရက် မနက် ၆ နာရီမှာ ထီးတော်တင်မယ်လို့ ရခိုင်ပြည်နယ်ကောင်စီ တာဝန်ရှိသူတဦးက အတည်ပြု ပြောပါတယ်။

“ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ အားလုံးရောက်ရှိနေကြတယ်။ မနက်ဖြန်မနက် ၆ နာရီမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လောကနန္ဒာစေတီမှာ ထီးတော်တင်သွားဖို့ ရှိတယ်။”

စစ်ခေါင်းဆောင်ဟာ သာသနာရေးဝန်ကြီး အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ စစ်ခေါင်းဆောင်တွေနဲ့အတူ မတ်လ ၃၀ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ကို ရောက်ရှိနေပြီး မတ်လ ၃၁ ရက် မနက် ၆ နာရီမှာ စစ်တွေရှိ လောကနန္ဒာစေတီကို ထီးတော်တင်မှာ ဖြစ်ပါတယ်။

လောကနန္ဒာစေတီကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၇ ခုနှစ်မှာ ထီးတော်တင်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒုတိယမြောက် ထီးတော်တင်တဲ့ စစ်အာဏာရှင် ဖြစ်လာမှာဖြစ်ပြီး ရခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံတခုလုံးအတွက် ယတြာချေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ​ပြောပါတယ်။

“ဒီလောကနန္ဒာစေတီက စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၇ ခုနှစ်မှာ တည်ထားထီးတော်တင်ခဲ့တာ၊ သူ့ရဲ့အာဏာသက်တမ်းက အခုအချိန်အထိ လွှမ်းမိုးထားနေတာတွေ တွေ့နေရတယ်။ အခု မြန်မာတနိုင်ငံလုံး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ဆရာ ထီးတော်တင်ခဲ့တဲ့ ဒီစေတီမှာ တပည့်ဖြစ်သူကလာပြီး ထီးတောင်တင်တယ်ဆိုတာ အကြောင်းရှိတယ်။ စေတီမှာ ရွှေထီးက တင်ထားတောင် မကြာသေးဘူး။ အခု ထပ်တင်မယ်ဆိုတော့ ဆရာရဲ့ခိုင်းစေချက်ကြောင့် ယတြာချေခြင်းသာ ဖြစ်ဖို့များတယ်။”

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မရှိခဲ့သလို အာဏာသိမ်းစစ်တပ်ကို သက်ဆိုးရှည်စေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီး ရှိနေပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က အပစ်ရပ်လိုက်ကြပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ရခိုင်ပြည်နယ်ကို ၃ ကြိမ်မြောက်  ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်က သံတွဲမြို့မှာ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ရခိုင်ပြည်နယ်ကို ထပ်မံရောက်ရှိလာခဲ့ပြီး အခုတကြိမ်နဲ့ဆို ၃ ကြိမ်မြောက် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

2 weeks Ago

January 17, 2023

စစ်ခေါင်းဆောင်ခရီးစဉ်ကြောင့် စစ်တွေမြို့၌ လမ်းဘေး‌ဆိုင်များဖျက်ဆီးခံရပြီး လမ်းများ အပူတပြင်း ပြင်ဆင်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ လမ်းဘေး‌ဆိုင်တွေ ဇန်နဝါရီ ၁၆ ရက်မှာ ဖျက်ဆီးခံခဲ့ရပြီး စစ်တွေမြို့လမ်းမကြီးကို စည်ပင်သာယာရေးအဖွဲ့က အခုရက်ပိုင်း အပူတပြင်း ပြင်ဆင်နေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့ ဘီလူးမတံတား လမ်းဘေးရှိ ဈေးရောင်းချနေသူအမျိုးသမီးကြီးတဦးက “လူကြီး လာမယ်လို့ ပြောတယ်။ ဈေးဆိုင်ခေါင်မိုးတွေကို ဒီနေ့ ဖြိုဖျက်သွားတယ်။ ထီးဆောင်းပြီး ရောင်းပါလို့တော့ စည်ပင်က ပြောခဲ့တယ်”လို့ ပြောပါတယ်။

စစ်တွေမြို့အဝင်ဂိတ်မှ လေယာဥ်ကွင်းဆင်းလမ်း လမ်းခွဆုံ မေယုလမ်းတလျှောက်ရှိ လမ်းဘေးဈေးဆိုင်တွေအပြင် လမ်းမကြီး ဘီလူးမတံတားအနီးရှိ ဈေးဆိုင်တွေနဲ့ မင်းဘာကြီး ဘယ်/ညာလမ်းတလျှောက် လမ်းဘေးဈေးဆိုင်တွေကို ဇန်နဝါရီ ၁၆ ရက်မှာ စည်ပင်သာယာရေး အဖွဲ့က လာရောက် ဖြိုဖျက်ခဲ့ကြတာပါ။

ဇန်နဝါရီ ၁၃ ရက်က မြို့အဝင်လမ်းမှ လေယာဉ်ကွင်းအဝင်လမ်းအထိ လမ်းဘေး ဈေးသည်တွေကို စည်ပင်တာဝန်ရှိသူတွေက ဖယ်ပေးဖို့ သတိပေးထားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ နာရီစင်ကနေ ဘီလူးမတံတား မေယုလမ်းတလျှောက်ရှိ လမ်းဘေးဆိုင်တွေကို ဖြိုဖျက်ခဲ့ကြတာလို့ လမ်းဘေးစျေးဆိုင် ရောင်းချနေတဲ့ လူငယ်အမျိုးသမီးငယ်လေးက ပြောပါတယ်။

“ကျမတို့က ထီးနဲ့ရောင်းချနေတာပါ။ အဲဒီထီးကိုတောင် ရုပ်သိမ်းဖို့ ပြောလာပါတယ်။ လူကြီး လာမယ်လို့တော့ ပြောပါတယ်။ လူကြီးက တရက် လာမယ်လို့ ပြောခဲ့ပါတယ်။ ထီးတွေကို ရုပ်သိမ်းခိုင်းပြီး ထီးတွေကို သူတို့က ဒီဘက်ကနေ ဟိုဘက်ကို ဖြိုချခဲ့ကြတယ်။ ကျမတို့က တနေ့လုပ်မှ တနေ့ လုပ်ကိုင်စားသောက်နေရသူတွေပါ”လို့ ပြောပါတယ်။

အဖြိုဖျက်ခံလိုက်ရတဲ့ လမ်းဘေးဈေးဆိုင်တွေဟာ စည်ပင်သာယာအဖွဲ့ လေလံတင် ရောင်းချသူတွေဆီကို တနေ့ ၂ ကြိမ်ကျ အခွန်ပေးဆောင်နေကြရတဲ့ ဈေးဆိုင်တွေ ဖြစ်ပါတယ်။

စစ်တွေမြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်မှာ လာရောက်ကြမှာဖြစ်တဲ့အတွက် စစ်တွေမြို့ရှိ လမ်းဘေးဈေးဆိုင်တွေကို ဖြိုဖျက်ပြီး စစ်တွေလမ်းမကြီးကို အပူတပြင်း နိုင်လွန်ကတ္တရာ ခင်းနေပါတယ်။

မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ စစ်တွေကတဆင့် သံတွဲ၊ ကျောက်ဖြူနဲ့ ထိုင်းနိုင်ငံ နည်းပညာနဲ့ တည်ဆောက်မယ့် ဂွမြို့နယ်ရှိ လေအားလျှပ်စစ်လုပ်ငန်းကို သွားရောက်ကြမယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။

စစ်ခေါင်းဆောင်က ငပလီကမ်းခြေကိုလည်း လာရောက်ဖို့ သတင်းထွက်နေတဲ့အတွက် သံတွဲမြို့၊ မင်းဘာကြီးလမ်းမရှိ ကွမ်းယာဆိုင်၊ မုန့်ဆိုင် အပါအဝင် စျေးဆိုင်ခန်း ၂၀ ကျော်ကို  ဇန်နဝါရီ ၁၀ ရက်နေ့နောက်ဆုံးထား ဖြိုဖျက်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up