အမေရိကန်နိုင်ငံ၊အိုဟိုင်းယိုးပြည်နယ်ရှိ သတ္တုစက်ရုံတခုမှာ ဖေဖော်ဝါရီ ၂၀ ရက်က ပေါက်ကွဲပြီး အနီးနားရှိ အဆောက်အအုံတွေပေါ်ကို သတ္တုပျော်ရည်တွေနဲ့ အပျက်အစီးတွေ မိုးရွာကျသလို ကျရောက်ခဲ့ပြီးနောက်မှာ လူ ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ အများစုက မီးလောင်ဒဏ်ရာတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဘဒ်ဖို့ဒ်ဟိုက်စ်မြို့ရှိ အိုင်ရှူးမန်း အန် ကုမ္ပဏီ သတ္တုစက်ရုံမှာ ပေါက်ကွဲတာဖြစ်ပြီး အိုဟိုင်းယိုး အရှေ့မြောက်ပိုင်းတခွင်က မီးသတ်ကားတွေ ရောက်ရှိလာကြပါတယ်။
ကလိဗ်လန်းဒ်မြို့ အရှေ့တောင်ဘက် ၁၅ မိုင်လောက်အကွာမှာ ပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့ စက်ရုံတဝိုက်ကနေ ကောင်းကင်ပေါ်ထွက်ရှိနေတဲ့ မီးခိုးငွေ့တွေကို မိုင်အကွာအဝေး အတော်များများကနေ တွေ့မြင်ခဲ့ရကြောင်း မျက်မြင်တွေက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်မှာ မျှဝေထားကြပါတယ်။
မီးလောင်မှုကြောင့် ကလိဗ်လန်းဒ်နဲ့ အက်ခရွန် ဧရိယာတွေအတွင်းရှိ မီးသတ်တပ်ဖွဲ့တွေကို ဖုန်းဆက်အကြောင်းကြားမှုတွေ ရှိခဲ့ကြောင်း မျက်မြင်သက်သေတွေကို ကိုးကားပြီး WKYC ရုပ်သံသတင်းမှာ ဖော်ပြခဲ့ပါတယ်။
လူ ၁၃ ဦးကို ဆေးရုံပို့ဆောင်ခဲ့ပြီး အများစုမှာ မီးလောင်ဒဏ်ရာတွေ ရရှိထားကြောင်း၊ တခြားတဦးကိုတော့ နေရာမှာပဲ ကုသပေးနေကြောင်း အုတ်ခ်ဝုဒ် မီးသတ်ဌာနမှ ကပ္ပတိန် ဘရိုင်ယန် ဒီရော့ကိုက မီဒီယာကို ပြောပါတယ်။
၁ ဦးထက်မနည်း စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး ၁ ဦးကိုတော့ အပျက်အစီးတွေထဲကနေ ဆွဲထုတ်ခဲ့ရပါတယ်။
၁၉၁၇ ခုနှစ်ကတည်းက လုပ်ငန်းစတင်ခဲ့တယ်လို့ သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ကြေးနီ၊ ကြေးဝါနဲ့ ကြေးညို ထုတ်လုပ်တဲ့ ကုမ္ပဏီ ကိုယ်စားလှယ်တွေကို မှတ်ချက်တောင်းခံဖို့ ချက်ချင်းဆက်သွယ်လို့ မရသေးပါဘူး။
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ ဆန်းဒတ်စ်ကီမြို့အနီးက ကွေ့ပတ်လမ်းမှာ ဒီဇင်ဘာလ ၂၃ ရက်က ပြင်းထန်တဲ့ နှင်းမုန်တိုင်းတိုက်ခတ်ပြီး ကားတွေ အစုလိုက်အပုံလိုက် လမ်းပိတ်ဆို့မှု ဖြစ်နေပါတယ်။
ယာဉ်အစီး ၅၀ လောက် တိုက်မိမှုမှာ အနည်းဆုံး လူတယောက် သေဆုံးပြီး ဒဏ်ရာရရှိသူလည်း အများအပြားရှိကြောင်း အရှေ့ဘက်ခြမ်းမှာ ယာဉ်တိုက်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်း အိုဟိုင်းယိုး အဝေးပြေးလမ်း လှည့်ကင်းက ပြောပါတယ်။
လမ်းကြောင်း နှစ်ဖက်လုံးကို ပိတ်ထားခဲ့ရပြီးတော့ အသွားအလာများစွာကို ထွက်ပေါက်တွေဆီကို လမ်းကြောင်း ပြောင်းပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
နှင်းတွေကျနေတာကြောင့် လမ်းတွေပေါ်မှာ မြင်နိုင်စွမ်း လျော့ကျနိုင်တဲ့အတွက် ယာဉ်မောင်းတွေ ကို ပြည်နယ်ကင်းလှည့်အဖွဲ့က သတိပေးထားပါတယ်။
အိုဟိုင်းယိုးပြည်နယ်ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ရင်ဆိုင်နေရတဲ့ ထိပ်တန်း ၁၀ ပြည်နယ်ထဲမှာ ပါဝင်ပြီး အနည်းဆုံး လူပေါင်း ၆၆၅၀၀ က လျှပ်စစ်မီး မရရှိပါဘူး။
ဆောင်းရာသီမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ တက္ကဆက်ပြည်နယ် အရှေ့ပိုင်းတို့မှာ ဒီဇင်ဘာ ၂၃ ရက်က အိမ်ခြေ ၁ သန်းခွဲလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ လျှပ်စစ်ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။