close

အောင်ဒင်

close

December 22, 2022

လုံခြုံရေးကောင်စီရဲ့ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်

ဒီနေ့ (ဒီဇင်ဘာ ၂၁၊ ၂၀၂၂)ကတော့ နွေဦးတော်လှန်ရေးလို့ ခေါ်ကြတဲ့  မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးအတွက် အရေးကြီးတဲ့ သံတမန်ရေးရာအောင်မြင်မှုတစ်ခုကို ရရှိတဲ့နေ့ဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခု [S/RES/2669 (2022)]ကို ပထမဆုံးအကြိမ် ချမှတ်နိုင်ခဲ့လို့ပါ။ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ပါဝင်တဲ့ လုံခြုံရေးကောင်စီက ယူနိုက်တက်ကင်းဒမ်း (United Kingdoms) က ဦးဆောင်တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၃ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ တရုတ်နဲ့ ရုရှားက ဒီဆုံးဖြတ်ချက်ကို အရင်တုန်းကလို ဗီတိုအာဏာနဲ့ ပယ်ချခြင်းမပြုဘဲ အိန္ဒိယနိုင်ငံနဲ့အတူ ကြားနေကြပါတယ်။ 

ဒီဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ အရေးကြီးတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ပါ အစီအစဉ်အတိုင်း မဟုတ်ပါ။ စကားလုံးအတိအကျလည်း မဟုတ်ပါ။ သင့်တော်သလို စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

(၁) မြန်မာနိုင်ငံတွင် စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာထားခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးထိန်းသိမ်းထားခြင်းအတွက် အလွန်စိတ်ပူသည်။

(၂) မြန်မာနိုင်ငံတွင် အခြေပျက်ရွှေ့ပြောင်းနေထိုင်ကြရသူများ (Internally Displaced Persons) အလွန်အမင်းများပြားလာခြင်းနှင့် လူသားခြင်းစာနာထောက်ထားမှုအကူအညီလိုအပ်ချက်များ အလွန်များပြားလာခြင်းအတွက် စိတ်ပူသည်။

(၃)လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်  မြန်မာစစ်အာဏာရှင်များအား တောင်းဆိုသည်။ 

(၄) မြန်မာနိုင်ငံ၏ ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာဖွေနိုင်ရေးတွင် အာဆီယံ (ASEAN) အဖွဲ့ကြီး၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း အသိအမှတ်ပြုသည်။ သို့ဖြစ်ပါ၍ အာဆီယံအဖွဲ့ကြီးက ချမှတ်ထားသည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီမှု (5-Point Consensus) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီအားပေးကြရန် တိုက်တွန်းသည်။

(၅) အဆိုပါ ဘုံသဘောတူညီမှုကို အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တိကျခိုင်မာသော လုပ်ငန်းအစီစဉ်များကို အမြန်ဆုံးချမှတ် ဆောင်ရွက်ရန် အာဆီယံအဖွဲ့ကြီးအား တောင်းဆိုသည်။

(၆)မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့အစည်းများအားလုံး ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးသံတမန်များနှင့် လက်တွဲ၍ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများစတင်ရန်နှင့် မြန်မာနိုင်ငံတွင်း ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းသည်။

(၇) မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများအား ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းအတွက် လုံခြုံရေးကောင်စီမှ ရှုတ်ချကြောင်း ထပ်မံအတည်ပြုသည်။

(၈) အကြမ်းဖက်မှုများကို လျှော့ချနိုင်ရေးနှင့် အားလုံးလက်ခံနိုင်မည့် နိုင်ငံရေးအဖြေရှာမှုများ ရရှိနိုင်ရေးအတွက် စစ်မှန်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော လုပ်ငန်းစဉ်ရှိရန်သည် အဓိက လိုအပ်ချက်ဖြစ်သည်ဟု သတိပေးသည်။

(၉) ၂၀၁၈ ခုနှစ်၊ ဩဂုတ်လမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသော ပဋိပက္ခများကို ဖြေရှင်းရေးနှင့် ရိုဟင်ဂျာလူမျိုးများ ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံလောက်သည့် အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း သတိပေးသည်။

အခုလို လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာနဲ့ ပယ်ချခြင်းမပြုဘဲ အတည်ပြုနိုင်ခဲ့တာဟာ အာဆီယံအဖွဲ့ကြီးအတွင်းက အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူစတဲ့ မြန်မာစစ်အာဏာရှင်တွေကို အလွန်အမင်းစိတ်ပျက်နေတဲ့ နိုင်ငံတွေက တောင်းဆိုမှုကြောင့်ဖြစ်သလို ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်သံအမတ်ကြီးတွေရဲ့ စည်းရုံးမှု၊ သဘောတူညီချက်ရအောင် စိတ်ရှည်လက်ရှည် ညှိနှိုင်းနိုင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်အာဏာပိုင်တွေကို အရေးယူမယ့် အကြောင်းအရာတွေ မပါဝင်ပါ။ အရေးယူမယ့် အဆင့်ကို အခုမရောက် သေးပေမဲ့ ဒါဟာ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ အရေးယူမှုတွေအတွက် ခြေလှမ်းတစ်လှမ်း စလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲက မြန်မာစစ်တပ်အပေါ် အလွန် သံယောဇဉ်ကြီးတဲ့ ထိုင်းအစိုးရ၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်လျက်နဲ့ မြန်မာစစ်အုပ်စုနဲ့ ပလူးပလဲနေချင်တဲ့ အိန္ဒိယအစိုးရတို့ကို သတိပေးလိုက်သလိုလည်း ဖြစ်ပါတယ်။

ဒီ သံတမန်ရေးရာအောင်ပွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြား​ရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ရဲ့ သံတမန်ရေးရာ စည်းရုံးမှုတွေရဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့လည်း မှတ်တမ်းတင်ချင်ပါတယ်။  

အောင်ဒင်

2 weeks Ago

December 21, 2022

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု (၂၀၂၃)

(၁) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (NDAA 2023) မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ ရန်ပုံငွေခွဲဝေသုံးစွဲရန် လမ်းညွှန်မှုတွေကို ပြဋ္ဌာန်းထားတဲ့ The Burma Act of 2022 ကိုပါ ထည့်သွင်းအတည်ပြုခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ 

NDAA 2023 က မူဝါဒဆိုင်ရာ ဥပဒေ (Policy Bill) ဖြစ်ပါတယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (Appropriations Bill) မဟုတ်တဲ့အတွက် အဲဒီ NDAA/The Burma Act ထဲမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့် ထောက်ပံ့ငွေပမာဏ မပါဝင်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပမာဏဟာ ကွန်ဂရက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက ခေါင်းဆောင်တွေ ညှိနှိုင်းရေးဆွဲနေကြတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ ငွေကြေးခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) မှာ ပါဝင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

(၂) ကျနော်တို့  စောင့်စားခဲ့တဲ့ CAA 2023 မူကြမ်းကို ဒီကနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ပြည်ထောင်စုအစိုးရ အသုံးစားရိတ်ခွဲဝေ သတ်မှတ်ရေးကော်မတီ (Senate and House Appropriations Committees) ခေါင်းဆောင်များက ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးဌာနအသီးသီးအတွက် အသုံးစရိတ် ခွဲဝေသတ်မှတ်မှုတွေ အားလုံးကို စုပေါင်းပြဋ္ဌာန်းထားတာမို့ ဒီဥပဒေမူကြမ်းဟာ စာမျက်နှာ ၄,၀၀၀ ကျော်ရှိပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ကြာသပတေးနေ့ (ဒီဇင်ဘာ ၂၂)၊ အောက်လွှတ်တော်မှာ သောကြာနေ့ (ဒီဇင်ဘာ ၂၃) ရက်တွေမှာ အတည်ပြုနိုင်ဖို့ ပြင်ဆင်နေကြပြီး သောကြာနေ့ ညနေပိုင်းမှာ သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။  

(၃) ဒီ စာမျက်နှာ ၄,၀၀၀ ကျော်တဲ့ ဥပဒေမူကြမ်းထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေပမာဏနဲ့ လမ်းညွှန်ချက်များ စာမျက်နှာ ၄ မျက်နှာ ပါဝင်ပါတယ်။ အကျဉ်းချုံးပြောရရင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၃၆ သန်းတစ်သိန်းနှစ်သောင်းခုနှစ်ထောင် ($136,127,000) ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ မနှစ်က ထောက်ပံ့ကူညီဖို့ သတ်မှတ်ပေးခဲ့တဲ့ ပမာဏနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ ၂၃ သန်း ၅ သိန်း ($23,500,000) ထောက်ပံ့မှာ ဖြစ်ပါတယ်။ အဲဒီ ထောက်ပံ့ငွေတွေနဲ့  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့ ဦးဆောင်အင်အားစုများဖြစ်ကြတဲ့ NUG၊ NUCC၊ CRPH၊ CDM၊ EROs၊ PDFs နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ဘယ်လိုဘယ်ပုံ ကူညီရမယ်ဆိုတာတွေကို The Burma Act ထဲမှာ အသေးစိတ်ဖော်ပြထားပြီသား ဖြစ်ပါတယ်။  

(၄) အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကုန်ဆုံးပါတယ်။ ၂၀၂၃ ဘဏ္ဍာရေးနှစ်က တကယ်တော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။ ဒီမိုကရက်တစ်ပါတီနဲ့ ရီပါတ်ဘလီကန်ပါတီ ခေါင်းဆောင်များအကြား ကွဲပြားမှုတွေများလွန်းလို့ အချိန်မီ မပြဋ္ဌာန်းနိုင်ခဲ့ပါ။ ဒါကြောင့် ကြားကာလမှာ အစိုးရယန္တရားများ အဆက်မပြတ် အလုပ်လုပ်နိုင်ရေးအတွက် Continuing Resolution (CR) လို့ ခေါ်တဲ့ ကာလတိုဘတ်ဂျက်ဥပဒေတွေ ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုထားတဲ့ CR က လာမယ့် သောကြာနေ့၊ ဒီဇင်ဘာ ၂၃၊ ည ၁၂ နာရီမှာ ကုန်ဆုံးမှာပါ။ အဲဒီအချိန်အထိ ဒီ CAA 2023 ကို သမ္မတ လက်မှတ်ရေးထိုးအတည်မပြုနိုင်ရင် အစိုးရမှာ ဆက်လက်သုံးစွဲစရာ ဘတ်ဂျက်မရှိတော့ဘဲ အစိုးရယန္တရားကြီးတခုလုံး အချိန်အတိုင်းအတာတခုအထိ ရပ်ဆိုင်းသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အစိုးရယန္ထရားကြီး ရပ်ဆိုင်းသွားရင် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးစနစ်ကြီးတခုလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုကြီး ရှိမှာဖြစ်ပြီး အဲဒီအကျိုးဆက်က တကမ္ဘာလုံးအပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များက သူတို့ ညှိနှိုင်းဆွေးနွေးသဘောတူထားတဲ့ CAA 2023 ကို ဒီအပတ်ထဲမှာ လွှတ်တော် ၂ ရပ်စလုံးမှာ အတည်ပြုပြီး သမ္မတဆီ သောကြာနေ့ ညသန်းခေါင်မတိုင်မီ ပို့နိုင်ဖို့ ကြိုးစားနေကြတာပါ။

(၅) ပါတီကြီး ၂ ခုစလုံးထဲမှာ ဒီ CAA 2023 မူကြမ်းကို အပြည့်အဝ လက်မခံနိုင်ကြသူတွေလည်း ရှိကြပါတယ်။ အထူးသဖြင့် အောက်လွှတ်တော်မှာ လက်ရှိ လူနည်းစုပါတီ (Minority Party) ဖြစ်တဲ့ ရီပါတ်ဘလီကန်ပါတီအမတ်များက သူတို့ လူများစုပါတီ (Majority Party) ဖြစ်လာမယ့် အချိန် နောက်နှစ် ဇန်နဝါရီလကျမှပဲ ဒီဥပဒေကို စဉ်းစားနိုင်မယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါတီကြီး ၂ ခုစလုံးမှာ ဒီတပတ်မကုန်ခင် ဒီ CAA 2023 ကို သမ္မတ လက်မှတ်ရေးထိုး အတည်ပြုစေချင်တဲ့ အမတ်တွေက အများစုပါ။ သူတို့အားလုံး ခရစ္စမတ်ရုံးပိတ်ရက်များမတိုင်ခင် အရေးကြီးတဲ့ ဥပဒေပြုတာဝန်တွေကို အဆုံးသတ်ပြီး ကိုယ့်အိမ်ကို ပြန်ချင်နေကြပါပြီ။ 

ဒါကြောင့် ကျနော်ကတော့ လာမယ့် သောကြာနေ့မှာ သမ္မတ ဂျိုးဘိုင်ဒင်က NDAA 2023 နဲ့ CAA 2023 တို့ကို လက်မှတ်ရေးထိုး အတည်ပြုလိမ့်မယ်။ ဒီဥပဒေများထဲမှာ အပါအဝင်ဖြစ်တဲ့ The Burma Act of 2022 နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေများဟာလည်း အသက်ဝင်လာမယ်လို့ ယုံကြည်ပါတယ်။

အောင်ဒင်

2 weeks Ago
Up