ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အဲဗာတန်အသင်းကို ဘဏ္ဍာရေးစည်းမျဉ်းတွေချိုးဖောက်ခဲ့မှုနဲ့ စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဗာတန်အသင်းဘက်က စည်းမျဉ်းချိုးဖောက်မှုတွေကို အသေးစိတ်မထုတ်ပြန်ပေမဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ဘောလုံးရာသီက အဲဗာတန်အသင်းရဲ့ ဘဏ္ဍာရေး ဆိုင်ရာချိုးဖောက်မှုတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။
အဲဗာတန်အသင်းဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ပေါင် ၁၂၀ ဒသမ ၉ သန်း အရှုံးပေါ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ သုံးနှစ်တာ ကာလအတွင်းမှာ ပေါင် ၃၇၂ သန်းအထိ အရှုံးပြခဲ့တာဖြစ်ပြီး ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်လို့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့တာလို့ သိရပါတယ်။
အဲဗာတန်အသင်းဘက်ကတော့ သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို ပွင့်လင်းမြင်သာစွာနဲ့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဆီကို နှစ်စဉ် တင်ပြခဲ့ကြောင်း၊ စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့ ကြောင်းကို ယုံကြည်မှုရှိစွာနဲ့ပြန်လည် ခုခံချေပ သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
တကယ်လို့ အပြစ်ထင်ရှားမယ်ဆိုရင်တော့ အဲဗာတန် အသင်းကို အမှတ်လျှော့ပြစ်ဒဏ်အပါအဝင် အပြောင်းအရွှေ့ပိတ်ပင်တာမျိုးတွေလည်း အရေးယူနိုင်တယ်လို့ သိရပါတယ်။
စပါးအသင်းဟာ အဲဗာတန်အသင်းတန်းဆင်းခဲ့မယ်ဆိုရင် ဂိုးသမားပစ်ဖို့ဒ်ကိုခေါ်ယူဖို့ ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းရဲ့နံပါတ်တစ်ဂိုးသမားအဖြစ် တာဝန်ယူခဲ့တဲ့ ပစ်ဖို့ဒ်ဟာ အဲဗာတန်နဲ့ စာချုပ်သက်တမ်းတိုးထားတာမကြာသေးပေမဲ့ အသင်းက တန်းဆင်းခဲ့ရမယ်ဆိုရင်တော့ ပစ်ဖို့ဒ်ကို ထွက်ခွာခွင့်ပြုပေးရမှာဖြစ်ပါတယ်။
စပါးအသင်းဟာ အသက်အရွယ်ရလာပြီး အမှားအယွင်းတချို့ရှိတဲ့ ပြင်သစ်ဂိုးသမား ဟူဂိုလိုရစ်ရဲ့ နေရာမှာ အစားထိုးဖို့ အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ကို နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။
အဲဗာတန်အသင်းတန်းဆင်းပါက ပစ်ဖို့ဒ်ကို လက်လွှတ်ပေးရမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်း သတ်မှတ်ထားတယ်လို့သိရပါတယ်။