close

ဦးထွန်းမင်းလတ်

close

March 25, 2023

လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူ

မြန်မာစစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်၊ သူ့ရဲ့ ဇနီးနဲ့ သူပိုင်ဆိုင်တဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်အစိုးရက  ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တယ်လို့  နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က မတ်လ  ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာစစ်အာဏာရှင်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေအတွက် လေယာဉ်လောင်စာဆီ အဝယ်တော်တွေနဲ့ စစ်တပ်ခရိုနီတွေကို အမေရိကန်ပြည်ထောင်စုက ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ ရေးယူတဲ့အနေနဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို  အရေးယူလိုက်တာလို့ဆိုပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဦးထွန်းမင်းလတ်၊ သူ့ဇနီး ဒေါ်ဝင်းမင်းစိုးနဲ့ သူပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှာဖြစ်တဲ့အပြင် မြန်မာစစ်အာဏာရှင်ထံ လေယာဉ်လောင်စာဆီထောက်ပံ့တာနဲ့ ဆက်နွှယ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ ခံရနိုင်ခြေတွေနဲ့ပတ်သက်လို့ ကိုယ်ပိုင်လုပ်ငန်းတွေ၊​ စီးပွားရေးလုပ်ငန်းတွေကို အသိပေးတဲ့အနေနဲ့   “မြန်မာ့လေယာဉ်လောင်စာဆီနှင့် စပ်လျဉ်းသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုသတိပေးချက်” ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

အာဏာရှင်အဖွဲ့အစည်းဟာ မြန်မာပြည်သူတွေကို နာကျင်မှုနဲ့ အတိဒုက္ခတွေသာ ဆက်လက်ပေးနေကြောင်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေတဲ့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဘလင်ကန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားဖို့ သံန္နိဋ္ဌာန်ချထားပြီး ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ရာမှာ အာဏာရှင်အဖွဲ့အစည်းက အသုံးပြုတဲ့ အရင်းအမြစ်တွေကို  ဖြတ်တောက် အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

လက်နက်ပွဲစား ခရိုနီသူဌေး ဦးထွန်းမင်းလတ်ကို  ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ  မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားပြီး   သူ့ရဲ့ ဘတ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေ၊ ဟိုတယ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းထားလိုက်ပါတယ်။

ခရိုနီ ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်က အဆင့်မြင့် ကွန်ဒိုတိုက်ခန်းနဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့  တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက စုံစမ်းနေပါတယ်။

3 days Ago

January 24, 2023

စစ်ခေါင်းဆောင်နှင့်ဆက်နွှယ်နေသည့် ခရိုနီလက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ရုံးထုတ်စစ်ဆေး

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ ခရိုနီ လက်နက်ပွဲစား ဦးထွန်းမင်းလတ်အပါအဝင် တရားခံ ၅ ဦးကို ဇန်နဝါရီ ၂၃ ရက် မနေ့က ရာဇဝတ်မှုဆိုင်ရာ တရားရုံးကနေ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တူဒေး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

 Allure Group ထိုင်း-မြန်မာ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းလတ်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ နန်းနမ့်ဟွမ်နတ်တကွန်း၊ နိုင်းဒင်းယန်း ကျွန်းထုလ (ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကာရဲ့သမက်)နဲ့ Allure Group ဝန်ထမ်း ၂ ဦးတို့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားတာဖြစ်ပြီး မနေ့က တရားခွင်မှာတော့ အားလုံးက စွဲဆိုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

ဒီအမှုမှာ နောက်ထပ် ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးရှိကြောင်း၊ အသက် ၄၅ နှစ်အရွယ် နိုင်းဖန်းနလုန်းခွန်ဖိထပ်(ခ) အက်ဒိနဲ့ သူ့အမျိုးသမီး နန်းကလဝီ ထိရပဖားဝုန်း(ခ)ဖွန်းထစ် တို့ဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ အိမ်နီးချင်းနိုင်ငံမှာ ပုန်းရှောင်နေရာက နောက်ဆုံး လန်ဒန်မှာ ဘတ်သန်းပေါင်း ၉,၀၀၀ တန် ဟိုတယ်ဝယ်ပြီး နေထိုင်နေတယ်လို့ သတင်းရထားတယ်လို့ ဆိုပါတယ်။

အက်ဒိဟာ Allure Group မှာ ရှယ်ယာပါရုံတင်မကဘဲ အွန်လိုင်းလောင်းကစားမှုနဲ့ တရားမဝင် ထီရောင်းဝယ်မှုတွေနဲ့ပါ ဆက်နွှယ်မှုရှိကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိထားတယ်လို့ ဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရဲတပ်ဖွဲ့က ၃ နှစ်တာ ထောက်လှမ်းစုံစမ်းချက်အရ ကင်းနွန်ထပူရီ အပါအဝင် မူးယစ်ဆေးဝါးဂိုဏ်း ၄ ဂိုဏ်းဟာ Allure Group ကုမ္ပဏီထဲကို ငွေတွေ အမြောက်အမြား လွှဲထားတာကြောင့် အဆိုပါကုမ္ပဏီနဲ့ သက်ဆိုင်သူတွေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

P & E Allure Group ကုမ္ပဏီထဲကို ဘဏ်အကောင့်ပေါင်း ၂၅၀ ကနေ ငွေပမာဏ သန်းပေါင်း ၁၅၀ ကျော် လွှဲထားတဲ့ အထောက်အထားရှိပြီး အဲဒီလောက်တန်ဖိုးရှိတဲ့ စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အားရောင်းဝယ်မှု ပမာဏကိုတော့ မပြနိုင်ဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အက်ဒိရဲ့ပိုင်ဆိုင်မှု ၆၈၁ သန်းကျော်၊ ဖွန်းထစ်ရဲ့ပိုင်ဆိုင်မှု ၄၁၈ သန်းကျော်၊ နိုင်းဒင်းယန်းရဲ့ ပိုင်ဆိုင်မှု ၁၁ သန်းကျော်၊ ဦးထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှု ၂၃၁ သန်းကျော်၊ နမ့်ဟွမ်ပိုင်ဆိုင်မှု ဘတ် ၂၆ သန်းကျော်၊ ဦးဝင်းမင်းစိုး ၃၆ သန်းကျော်၊ နန်းပီယ ၁၁ သန်းကျော်၊ စုစုပေါင်း ဘတ်သန်းပေါင်း ၁,၅၀၀ ကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပါတယ်။

အဲဒီထဲမှာ မြေဂရန်၊ ကွန်ဒိုတိုက်ခန်း၊ ဇိမ်ခံကား၊ တန်ဖိုးကြီးအမှတ်တံဆိပ် လက်ကိုင်အိတ်တွေ၊ ဘဏ်စာအုပ်နဲ့ မီးခံသေတ္တာထဲက ထိုင်းဘတ်နဲ့ အမေရိကန်ဒေါ်လာငွေတွေ ပါဝင်ပါတယ်။

အဆိုပါ Allure Group P & E ကုမ္ပဏီရဲ့ မူလပိုင်ရှင်ဟာ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပကျာရီယန်းကွန်း ဖြစ်ပြီး ဦးထွန်းမင်းလတ်ရဲ့ ဖခင်လက်ထက်ကတည်းက ရင်းနှီးကျွမ်းဝင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ကုမ္ပဏီဟာ တာချီလိတ်မှာလည်း ကာစီနိုရုံနဲ့ ဟိုတယ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ဦးထွန်းမင်းလတ်ကို ရောင်းချပေးခဲ့တာကြောင့် သူနဲ့မဆိုင်တော့ဘူးလို့ နိုင်းဥပကစ်က သတင်းစာရှင်းခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့သမက်ဖြစ်သူ နိုင်းဒင်းယန်းက ကုမ္ပဏီထဲမှာ အရေးပါသူတဦး ဖြစ်နေတာကြောင့် စသုံးလုံးရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။

ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့  တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက ဆက်လက်စုံစမ်းနေကြပါတယ်။

ကိုးကား - ch3plus.com

2 months Ago
Up