ကရင်နီ (ကယား) ပြည်နယ်မှာပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း တိုင်းပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၄၄ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကလစပြီးတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိတော့ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၆၉၂ ဦး သေဆုံးပြီး စစ်ကောင်စီယာဉ် ၅၈ စီး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
PKPF ပြောခွင့်ရသူက “အဓိကကတော့ ပြည်နယ်မှာရှိတဲ့ local PDF တွေရယ်၊ EAO တွေရယ် ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ကောက်ယူတာပေါ့နော်။ အားလုံးပေါင်း အဖွဲ့အစည်း ၂၀ ဝန်းကျင်ရှိတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ထုတ်ပြန်ချက်အရ ကိုးကားရေးတယ်။ တချို့ ကျနော်တို့ ကိုယ်တိုင် ကြုံနေရတဲ့ တိုက်ပွဲတွေ ရှိတာပေါ့။ ကျနော်တို့နဲ့ နီးနီးကပ်ကပ်၊ ကျနော်တို့ ရှိနေတဲ့နေရာနဲ့ အနီးကပ်ရှိတဲ့နေရာမှာ တိုက်ပွဲဆိုရင် စကစ သေတာ ကျနော်တို့သိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ကရင်နီဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်ကုန်အထိ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက်လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲပေါင်း ၅၄၄ ကြိမ်ဖြစ်ပွားပြီး ၄၁၂ ကြိမ်ဟာ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်တယ်။
ကရင်နီပြည်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်ခဲ့ပြုလုပ်ခဲ့ရာမှာ ၁၈၂ ကြိမ်ဟာ အခု ၂၀၂၂ ခုနှစ်အတွင်းမှာ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ကရင်နီတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်ဘက်ကလည်း ၂၁၁ ဦးကျဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း အယောက် ၁၇၀ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အရပ်သား အယောက် ၂၈၀ ကို စစ်တပ်က မတရားဖမ်းဆီးခဲ့ပြီး၊ ဒေသခံပြည်သူ ၂၉၃ ဦးနဲ့ စစ်ဘေးရှောင်ပြည်သူ ၁၂၆ ဦးကို သတ်ဖြတ်ခံရကာ ဘာသာရေး အဆောက်အဦ ၂၇ လုံးနဲဒ့ နေအိမ်အဆောက်အဦ ၁၃၀၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကထက်တိုက်ပွဲတွေနဲ့ နှစ်ဖက် ထိခိုက်သေဆုံးမှု အရေအတွက် နှစ်ဆကျော်တိုးမြင့်လာကြောင်း စာရင်းအရ သိရပါတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီဘက်က မြို့တွင်းတွေမှာသာ နယ်မြေစိုးမိုးမှုနဲ့ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်နိုင်ပြီး ကျေးရွာတွေမှာ အဓိက ထိန်းချုပ်နိုင်ကြောင်းလည်း ဆိုပါတယ်။
PKPF ပြောခွင့်ရသူက“တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ဒီကျေးရွာတွေမှာတော့ အဓိက ထိန်းချုပ်နိုင်တာမျိုး အဓိက တွေ့ရတယ်။ မြို့ပြတွေမှာတော့ အဓိက စစ်ကောင်စီက အဓိက ထိန်းချုပ်နိုင်တာကို တွေ့ရတယ်။ ဒါပေမဲ့ အများစု နယ်မြေတွေအရ ပိုင်းခြားကြည့်လိုက်မယ်ဆိုရင်တော့ EAO နဲ့ local PDF တွေကတော့ အများဆုံးထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရမှာပေါ့။” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်း ဒလန်ရှင်းလင်းမှုက ၁၀ ယောက်လောက် ရှိခဲ့တယ်လို့ PKPF ပြောခွင့်ရသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ စားဝတ်နေရေး လုံခြုံရေး အခက်အခဲတွေကြောင့် နိုင်ငံသားအမြောက်အမြား အိမ်နီးချင်းထိုင်းနိုင်ငံထဲ ဝင် ရောက်လုပ်ကိုင်နေကြရာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ဥပဒေနဲ့မညီလို့ အဖမ်းခံရသူပေါင်း ၄၆၀၀၀ ကျော်ရှိခဲ့တယ်လို့ ထိုင်းအခြေစိုက်အလုပ်သမားအရေးလှုပ်ရှားတဲ့အဖွဲ့ထံကသိရပါတယ်။
ထိုင်းတော်ဝင်တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ လဝကရဲတပ်ဖွဲ့တွေရဲ့ အခါအား လျော်စွာ ထုတ်ပြန်တဲ့သတင်းတွေ စုစည်းချက်အရ ၂၀၂၂ ဇန်နဝါရီ ကနေ ဒီဇင်ဘာလကုန်ထိ ၁ နှစ်ထဲမှာ တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား ပေါင်း ၄၆၄၀၀ ဦးရှိတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
အဖမ်းခံရတဲ့လမ်းကြောင်းတွေထဲမှာ အများဆုံးက မွန်ပြည်နယ်နယ်စပ် ကန်ကျနပူရီခရိုင်၊ ကရင်ပြည်နယ်စပ် တာ့ခ်ခရိုင်၊ တနင်္သာရီနယ်စပ် ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊ ရနောင်း၊ ရှမ်းပြည်နယ်စပ် မယ်ဟောင်ဆောင်၊ ချင်းရိုင်းနဲ့ ထိုင်းအတွင်းပိုင်း အယုဒ္ဓယ၊ ကမ်ဖိုင်ဖစ်၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်တွေမှာလည်း အဖမ်းခံရတာဖြစ်ပါတယ်။
တရားမဝင် ဝင်ရောက်လာသူတွေကို ခေါ်ဆောင်လာတဲ့ ပွဲစားနဲ့ လမ်းပြ ထိုင်းနိုင်ငံသားရော မြန်မာနိုင်ငံသားပါ စုစုပေါင်း ၂၁၇ ဦး ဖမ်းဆီးအရေးယူခံခဲ့ရသလို လူကုန်ကူးမှု၊ တာဝန်အလွှဲသုံးစားမှုနဲ့ ရဲဝန်ထမ်းပေါင်း ၈၃ ဦး ခုံရုံးတင်စစ်ဆေးခြင်းခံနေရတယ်လို့ဆိုပါတယ်။
တရားမဝင် ဝင်ရောက်လာစဉ် မတော်တဆထိခိုက်မှုတွေနဲ့ ကြုံရပြီး ထိခိုက် ဒဏ်ရာ ရတာတွေလည်းရှိကြောင်း ၊ အများအားဖြင့် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြေးကွေ့ရှောင်ပြီး ယာဉ်တိမ်းမှောက်တာဖြစ်ကြောင်း ၊ အဆိုပါမတော်တဆမှုတွေကနေ တစ်နှစ်အတွင်း သေဆုံး သူ ၁၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၅၃ ဦးရှိတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) တာဝန်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံထဲဝင်ရောက်ပြီး လူသတ်မှု ၊ လုယက်မှု ၊ ဓားပြမှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်တဲ့ မြန်မာနိုင်ငံသားတွေလည်းရှိကြောင်း ၊ ရနောင်းခရိုင်မှ အသက် ၈၀ ကျော်ရာဘာ ခြံပိုင်ရှင်အသတ်ခံရမှု နဲ့ ဆုန်ခလာခရိုင် တောထဲမှာ ထိုင်းလျှပ်စစ်ဝန်ထမ်း ၁ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ဆက်နွှယ်ပြီး မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီနှစ်ထဲ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် ရွှေဆိုင်လုယက်မှုမှာ မြန်မာနိုင်ငံသား ၆ ဦး ပါဝင်ပတ်သက်ပြီး တာ့ခ်မြို့ ရွှေဆိုင်ဓားပြတိုက်မှုမှာ မြန်မာ ၂ ဦးပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားအချင်းချင်းကြား ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှု ၃၅ မှုရှိပြီး ၄ မှုမှာ အထ မြောက်ကြောင်း၊ ကြံစည်မှုမှာ ၃၁ မှုရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်မှုအပြင် တခြားသော ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံ သားတွေကို ဥပဒေအရအရေးယူပြီး မြန်မာပြည်ပြန်ပို့နေရာမှာ ၂၀၂၂ ဇန်နဝါရီလမှ ဒီဇင် ဘာလအတွင်း ပြန်ပို့ခံရသူ ၆၀၀၀၀ နီးပါးရှိပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်က တရားဝင်အလုပ်သမားပေါင်း ၁ သိန်းခွဲအလိုရှိတယ်လို့ တရားဝင်ကြေညာထားပြီး နှစ်နိုင်ငံသဘောတူချက်စာချုပ် အမ်အိုယူ လမ်းကြောင်းကနေ ဝင်ရောက်လာသူမှာ ၂၀၂၂ မေလကနေ ဒီဇင်ဘာလထိ ၉၀၀၀၀ ကျော် ဝင်ရောက်လာပြီး တချို့က စာချုပ်ပါအချက်အလက်နဲ့ မကိုက်ညီတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေ ကြုံနေရ ပါတယ်။