၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ မတရားသိမ်းယူလိုက်ပြီးနောက် စစ်အာဏာရှင်ကို ရရာလက်နက်စွဲကိုင် တော်လှန် တိုက်ခိုက်ဖို့ ဖွဲစည်းတည်ထောင်ခဲ့တဲ့ လက်နက်ကိုင်တပ်တွေထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)လည်း တခုအပါအဝင်ဖြစ်ပါတယ်။
BPLA တပ်တော်ရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ စစ်တပ်အာဏာမသိမ်းခင်က လူ့အခွင့်ရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားခဲ့တဲ့ ကဗျာဆရာမောင်ဆောင်းခ ဖြစ်ပြီး သူဟာ ကျောက်ပန်းတောင်းဇာတိ အညာသား ဗမာလူငယ်တစ်ဦးဖြစ်ပါတယ်။
လက်ရှိမှာတော့ BPLA တပ်တော်အမည်နဲ့ လက်နက်အင်အားလူအင်အားအတန်အသင့် စုဆောင်းထားနိုင်ပြီဖြစ်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုအာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဖက်ဒရယ်ပြည်ထောင်စု သစ်ပေါ်ထွန်းရေးအတွက် အနှောင့်အယှက်အဟန့်အတားဖြစ်မယ့် ဘယ်အာဏာရှင်ကိုမဆို တော်လှန်ပုန်ကန်သွားမယ်လို့ မောင်ဆောင်းခက ဆိုထားပါတယ်။
တစ်ကိုယ်ရေစာရှေ့တန်းတင်မှုတွေရှိနေရင် တောထဲမှာနေနေပေမဲ့ တော်လှန်ရေးလုပ် နေတယ်လို့ ဘယ်မည်ပါ့မလဲ။ အများပြည်သူရဲ့ လုံခြုံရေးနဲ့လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်ကြရတဲ့အခါ တဦးချင်းလွတ်လပ်ခွင့်နဲ့ လိုဘတွေကို ချိုးနှိမ်မထားနိုင်ရင် ရည်မှန်းချက်တွေအထမြောက်ဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် ကျနော်တို့စစ်သင်တန်းမှာ "ရန်သူကိုမတော်လှန်ခင် ကိုယ့်ကိုယ်ကို အရင်တော်လှန်ရမယ်"လို့ အမြဲမပြတ် သင်ကြားပြောဆို ပေးခဲ့တာဖြစ်တယ်လို့ သူကပြောဆိုခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က ကိုးကန့်တပ်မတော်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က မြန်မာနိုင်ငံအနှံ့အပြားက လူမျိုးပေါင်းစုံ ပါဝင်တဲ့ တပ်မဟာ ၆၁၁ တိုင်းရင်းသားတပ်မဟာ အမှတ်စဉ် ၂ စစ်သင်တန်းဆင်းပွဲကို ကျင်းပခဲ့ပါတယ်။
အဲ့ဒီသင်တန်းမှာ ပါဝင်ကြီးကြပ်သူတစ်ဦးလည်းဖြစ်တဲ့ BPLA ခေါင်းဆောင် မောင်ဆောင်းခက (၆၁၁)တိုင်းရင်းသားတပ်မဟာရဲ့ သင်တန်းဆင်းပွဲဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ ပြောင်းလဲတိုး တက်မှုတစ်ရပ်ဖြစ်ကြောင်းနဲ့ NUG/PDF ၊ BPLA နဲ့ ERO အဖွဲ့တွေဟာ အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ညီညွတ်စွာလက်တွေ့ကျကျ ပြင်ဆင်နေကြပြီလို့ ထုတ်ဖော်ပြောကြားထားပါတယ်။
Photo Essay - JPaing / MPA
“ဘာလုပ်နေလဲ၊
လေ့ကျင့်နေတယ်၊
ဘာလုပ်ဖို့လဲ
တိုက်ပွဲဝင်ဖို့၊
ဘယ်သူ့အတွက်လဲ
ပြည်သူ့အတွက် ပြည်သူ့အတွက်၊
ဘာစိတ်ဓာတ်လဲ
သံမဏိစိတ်ဓာတ် သံမဏိစိတ်ဓာတ်၊
ဘာစစ်သားလဲ
ပြည်သူ့စစ်သား နိုင်ငံ့စစ်သား။
"ဘယ်ခြေထိုး---- ကျား ၊ ကျား “ အစရှိတဲ့အသံတွေဟာ တောတွင်းတနေရာက တော်လှန်ရေး တပ်စခန်းတခုလုံး ဟိန်းကာပျံ့နှံ့နေပါတယ်။ အဲဒီအသံတွေဟာ အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင်ကာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ လေ့ကျင့်ရေးကွင်းမှ သင်တန်းသူ၊ သင်တန်းသားတွေရဲ့ ဟစ်ကြွေးသံတွေပါ။
အဲဒီသင်တန်းသားတွေကို သင်တန်းပေးနေတဲ့ နည်းပြတွေထဲမှာ မေမိုးပွင့် (သို့) မေ တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။
ဖြူဖြူနွဲ့နွဲ့ချစ်စရာဟန်ပန်ရှိပေမယ့် စစ်ပညာသင်ကြားနေတဲ့ အချိန်မှာ စစ်သားတဦးလို အမိန့်တွေပေးပြီး တည်ကြည်သောမျက်နှာထားနဲ့ သင်တန်းပေးနေတဲ့ ဆရာမ မေဟာ အခြား တော်လှန်ရေး ရဲဘော်တွေနဲ့မတူဘဲ ထူးခြားလို့ နေပါတယ်။
သင်တန်းနည်းပြဆရာမ မေဟာ အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းမီက ရိုးရိုးသာမန်၀န်ထမ်းတဦးသာ ဖြစ်ပါတယ်။
“၃ လပိုင်းလောက် စတင်ပစ်ခတ်တဲ့အချိန်မှာ ဆုံးသွားတဲ့လူငယ်တွေ နည်းတာမဟုတ်ဘူး။ အရမ်းဝမ်းနည်းတယ်။ ဘာမှလုပ်မပေးနိုင်ခဲ့ဘူ။ ထိရောက်မယ့် နည်းလမ်းရှာမရဘူး။ တနေ့တနေ့ တက်လာတဲ့ သတင်းတွေအတွက် ပူဆွေးရုံကလွဲ မလုပ်ပေးနိုင်ဘူး။ အရင်က ဆန္ဒပြပြီး အနိုင်ရမယ်ပဲ တွေးခဲ့တာ နောက်တော့ မရမှန်းသိခဲ့တယ်။ ရပ်ကွက်ထဲထိ ပစ်ခတ်တော့ လက်နက်ကိုင်တိုက်မှ နိုင်မယ်ဆိုတာ သိလာတယ်။ ခုခံစားနေရတာမျိုး နောင်ကလေးတွေ မခံစားစေချင်တော့ဘူး။ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ပြီးချိန် သူငယ်ချင်းနဲ့တိုင်ပင်ပြီး ချိတ်ဆက်ခဲ့တာ။ BPLA နဲ့ ဆက်သွယ်မိပြီး ရောက်လာခဲ့တယ်” လို့ မေက ပြောပါတယ်။
BPLA မှာ စစ်သင်တန်းစတင်တက်ရောက်ချိန်က အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ မေဟာ မကြာမီ ၁၉ နှစ်ပြည့်တော့မှာပါ။
“ယောကျ်ား မိန်းမ တန်းတူလို့ တွေးတယ်၊ အဲဒါကြောင့် မေ့အတွက် သင်တန်းသားတွေက သိပ်ပြီးအခက်အခဲ မဖြစ်စေဘူး” လို့ သူမက ဆိုပါတယ်။
BPLA ရဲဘော်တဦးဖြစ်လာပြီးနောက် ရှေ့တန်းထွက်ဖို့ ဆန္ဒပြင်းပြပေမယ့် နည်းပြအဖြစ် တာ၀န်ပေးအပ်ခဲ့တာကြောင့် ကြံ့ခိုင်ပြီး စနစ်ကျတဲ့ တော်လှန်ရေးရဲဘော်သစ်တွေ ပေါ်ထွက်လာစေဖို့ လေ့ကျင့်သင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။
“ဒီလမ်းကိုရွေးချယ်ပြီပြီးဖြစ်လို့ မှားတယ် မတွေးမိဘူး၊ တော်လှန်ရေး ဘယ်လောက်ပဲနှစ်ကြာကြာ တော်လှန်ရေးပြီးဆုံးအောင် လုပ်မယ်။ တော်လှန်ရေးပြီးရင် ဒီမှာဆက်နေဖြစ်မလား၊ ဝါသနာပါတဲ့ ဖိုတိုမော်ဒယ်လုပ်ဖြစ်မလား မသေချာသေးဘူး “ လို့ မေက ပြောပါတယ်။
ကရင်ပြည်နယ်မှာ ခြေကုပ်ယူပြီး အာဏာရှင်စနစ်နဲ့အတူ လူမျိုးကြီးဝါဒကြီးစိုးမှုကိုပါ တိုက်ထုတ်မယ့် တပ်တခုဟာ တိုင်းရင်းသားဒေသလွတ်မြောက်နယ်မြေတနေရာမှာ မဟာမိတ် EAO တွေရဲ့ အကူအညီနဲ့ စနစ်တကျ စုဖွဲ့လေ့ကျင့်နေကြတာပါ။
BPLA ရဲ့ စစ်အခြေခံသင်တန်းဟာ ၃ လနဲ့ ၄ လကြား ကြာမြင့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ သင်ခန်းစာတွေကို ကျော်ဖြတ်နိုင်ဖို့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကျန်းမာရေးကောင်းမွန်ရမယ်လို့ သင်တန်းနည်းပြဆရာမ မေက ပြောပါတယ်။
“မေတို့တုန်းက အရမ်းပင်ပန်းတော့ သင်တန်းကို တနာရီစာပဲတွေးတယ်။ တရက်စာ တရက်စာပဲ တွေးတယ်။ သင်တန်းတချိန်ချင်းစီကို ဖြတ်သန်းဖို့ အားမွေးရတယ်” လို့ သင်တန်းကာလအတွေ့အကြုံကို မေက ရှင်းပြပါတယ်။
လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မဟာမိတ်အဖွဲ့တွေကလည်း ချီးကျူးစကား ပြောလာကြပါတယ်။
စစ်သင်တန်းတခုမှာ အမျိုးသမီး ၂၀ ရာခိုင်နှုန်းလောက် ပါ၀င်ပြီး သင်တန်းပြီးဆုံးပါက တာ၀န်ကျရာကို တာ၀န်ထမ်းဆောင်ရသလို သင်တန်းနည်းပြအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေရသူတွေလည်း ရှိပါတယ်။
“ကိုယ့်ဆုံးဖြတ်ချက်ကို သေချာစဉ်းစားဆုံးဖြတ်စေချင်တယ်။ လက်နက်ကိုင်တော်လှန်ချင်လို့လား၊ သေနတ်ကိုင်ချင်ရုံသက်သက်ပဲလားဆိုတာ ဆုံးဖြတ်ချက် ခိုင်မာပြီဆိုတော့မှ ဒီလမ်းကို ရွေးစေချင်တယ်” ဟု ဆရာမ မေက ဆိုပါတယ်။
Photo- JPaing / MPA