ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၆ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲကို ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့ညနေ ၃ နာရီက အမည်မသိ အမျိုးသားတဦး သေနတ်ပြပြီး ငွေသိန်း ကျပ် ၅၀ လောက် လုသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
သီရိမင်္ဂလာလမ်းရှိ CB ဘဏ်ခွဲကို ဒီနေ့ညနေ ၃ နာရီဝန်းကျင်က အမည်မသိ အမျိုးသားတဦး ကားနဲ့ရောက်လာပြီး ဘဏ်အတွင်းဝင်ကာ သေနတ်ပြ ဓားပြတိုက်သွားတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်တွေ ရဲတွေ ရောက်လာမှ ဘဏ်မှာ ဓားပြတိုက်ခံရတာသိတာ။ သေနတ်သံတွေ ဘာတွေ မကြားတော့ ဘယ်သူမှမသိဘူး။ သိန်း ၅၀ လောက် ပါသွားတယ်လို့ ပြောနေကြတယ်။”
လုယက်သူအမျိုးသားဟာ အငှားကားတစီးနဲ့ရောက်လာပြီး လမ်းဘေးတနေရာမှာ ရပ်ထားပြီးနောက် ဘဏ်အတွင်းဝင်ရောက်ကာ ဘဏ်ဝန်ထမ်းအမျိုးသမီးတွေကို သေနတ်နဲ့ချိန်ပြီး ကောင်တာခုံပေါ်တင်ထားတဲ့ ငါးထောင်တန် ၁၀ အုပ်ကို ယူသွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သိန်း ၅၀ ပါသွားတယ်။ ပစ်တာခတ်တာတော့မရှိဘူး။ အခု စစ်တပ်က ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတယ်။”
စစ်ကောင်စီတပ်နဲ့ ရဲတွေက လတ်တလောမှာ ရန်ကုန်-ပုသိမ်လမ်း တပ်ထိပ်နဲ့ သီရိမင်္ဂလာလမ်းတွေမှာ အိမ်စီးကားနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း CB ဘဏ် အပါအဝင် ဘဏ်တချို့ ဓားပြတိုက်ခံရတဲ့ အမှု ၁၀ ကြိမ်ထက်မနည်း ရှိပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ၂ ရပ်ကွက်ရှိ CB ဘဏ်ခွဲကို နို၀င်ဘာ ၅ ရက် နေ့လယ် ၁ နာရီကျော်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မန္တလေးလမ်းမကြီး ဘေးရှိ ရေတာရှည် CB ဘဏ်ခွဲကို ဆိုင်ကယ်နှစ်စီးနဲ့ မျက်နှာဖုံးတပ်ထားတဲ့ လူ ၄ ယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေကျပ် သိန်း ၅၀၀ နဲ့ ၆၀၀ ကြား ပါသွားပြီး တချို့ကတော့ ၅၃၁ သိန်းလို့လည်း အတိအကျ ပြောနေကြတယ်လို့လည်း ဆိုပါတယ်။
ဘဏ်ဓားပြတိုက်တဲ့ဖြစ်စဉ်တွေဟာ ရန်ကုန်လိုမြို့ကြီးမှာလည်း ဖြစ်ခဲ့ပြီးပြည်သူနဲ့ PDF လှည့်တိုက်ဖို့ကြိုးစားနေတာမို့ ပြည်သူတွေက နားလည်ဖို့ပဲလိုတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ရွှေကြက်ယက်ရပ်ကွက်နဲ့ အနီးတဝိုက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ က စောင့်ကြပ်စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အားလုံးက သူတို့ လုပ်တာမဟုတ်ကြောင်း ငြင်းဆိုထားကြပါတယ်။