close

DKBA

close

January 26, 2023

ကျုံဒိုးတိုက်ပွဲတွင် KNU၊ KNDO၊ DKBA ပူးပေါင်းတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော်သေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးက ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNDO တပ်ရင်းတွေနဲ့အတူ DKBA စစ်ကြောင်းကပါ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၆ ရက်တာအတွင်း စစ်ကောင်စီဘက်က အယောက် ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကျုံဒိုးမြို့အနီးက ကော့ကျိုက်၊ အံဂလုံနဲ့ ကမ်းနီ စံပြကျေးရွာတွေအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ကနေ ၂၆ ရက်အထိ နယ်မြေကျူးကျော် ဝင်ရောက်တပ်စွဲလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံတပ်တွေ၊ အရှေ့တောင်ပိုင်းတိုင်းလက်အောက်ခံတပ်တွေ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ KTL Army ရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါ ဦးဆောင်တဲ့ Lion Battelion Commando - ဗျူဟာစစ်ကြောင်း၊ KNU/KNDO အမှတ်-၆ တပ်ရင်း၊ ဂဠုန်စစ်ကြောင်းနဲ့ DKBA ပူးပေါင်းစစ်ကြောင်းတွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၅၀ ကျော်ထိရှိခဲ့ပြီး ကမ်းနီစံပြကျေးရွာထဲကို  အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်-၅၄၅/၅၄၆ အမြောက်တပ်က လက်နက်ကြီးအကြိမ်ရေ ၂၀၀ ကျော် ပစ်ခတ်ခဲ့ပြီး လေကြောင်းစစ်ကူအနေနဲ့ JY/130 တိုက်လေယာဉ်၊ Mi35 လေယာဉ်တွေ အသုံးပြုကာ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၆ ရက်တာတိုက်ပွဲအတွင်း KNDO အမှတ်-၆ တပ်ရင်းဘက်ကတော့ တပ်ခွဲမှူး ဗိုလ်စောလင်းဌေးနဲ့ ရဲဘော် ၂ ယောက် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေပါတယ်။

10 mins Ago

January 23, 2023

ဗုံးကြဲတိုက်ခိုက်ခံရသည့်ကိစ္စဖြေရှင်းချက်ပေးရန် စစ်ကောင်စီကို DKBA မေးမြန်းစုံစမ်းနေ

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ အထင်လွဲတာလား၊ သတင်းမှားတာလားဆိုတာ စုံစမ်းနေတယ်လို့ DKBA ပြောရေးဆိုခွင့်ရှိသူ စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် ည ၁ နာရီလောက်က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာမှာရှိတဲ့ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်  ၃ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီး စောအေဝမ်းနေအိမ်အပါအဝင် အလုပ်သမားတန်းလျားတခုနဲ့ နေအိမ်ခြံဝင်းအတွင်းက အဆောက်အအုံ ၂ လုံး ပြိုကျပျက်စီးသွားခဲ့တာပါ။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်းက “ဒီကိစ္စကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပစ်ချလဲဆိုတာ ကျနော်တို့ အသေးစိတ် အခြေအနေတွေကို စုံစမ်းနေတုန်းပဲလေ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ အထင်မှားတာလား၊ တမင်သက်သက် အကောက်ကြံပြီးတော့ မဟုတ်မမှတ်သတင်းပေးတာ။ ကျနော်တို့အဖွဲ့က အဓိကက ဘက်မလိုက်ရေးမူဝါဒ အဓိကကျင့်သုံးပြီးတော့ တပ်မတော်ကိုလည်းကူညီတယ်။ အလားတူ ကေအန်ယူကိုလည်း မိတ်မပျက်ဆက်ဆံတယ်။ အဲဒီကြားထဲမှာ  ထိတွေ့ဆက်ဆံမှုတွေ ရှိတာပေါ့။ အဲဒီကြားထဲမှာ ဒီလိုဖြစ်ပျက်ခဲ့ဟာကျတော့ သတင်းဘယ်လိုပုံစံနဲ့ပေးပြီးတော့ နိုင်ငံတော်က ဒီလို လေကြောင်းတိုက်ခိုက်မှုနဲ့ လုပ်ဆောင်တယ်ဆိုတဲ့ဟာကျတော့ ကျနော်တို့လည်း တိတိကျကျမသိဘူး။ အဲဒီအနေအာထားကို ကျနော်တို့ အထက်လူကြီးကလည်း သက်ဆိုင်ရာတွေနဲ့ ဆက်သွယ်မေးမြန်းနေတာတော့ ရှိတာပေါ့လေ။ လောလောဆယ် အဲဒီလောက်ပဲ ပြောနိုင်ပါတယ်။” လို့ပြောပါတယ်။ 

လေကြောင်းတိုက်ခိုက်မယ့် သတင်းရထားလို့ DKBA တာဝန်ရှိသူတွေနဲ့ တပ်သားတွေကတော့ ဘေးလွတ်ကင်းရာမှာ အချိန်မီပြောင်းရွှေ့ ရှောင်တိမ်းနိုင်ခဲ့ပြီး DKBA ကားမောင်းသမား နှစ်ယောက်သာ ထိခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဝန်ခံသတင်းထုတ်ပြန်တာတော့ ရှိသေးပါဘူး။ 

ပစ်ခတ်မှုကြောင့် ဘယ်သူဘက်ကဖြစ်ဖြစ် သေဆုံးပျက်စီးတာတွေ မဖြစ်စေချင်ဘူးလို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်ပစ်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် အရပ်သားကိုယ်စားလှယ် နန်းမြင့်တင်က ပြောပါတယ်။

“အမှန်ဆိုလို့ရှိရင် မကောင်းတော့မကောင်းဘူးပေါ့နော်။ ကျမတို့ကတော့ ဘယ်ပဋိပက္ခပဲဖြစ်ဖြစ် အကုန်လုံး လူသေတာပဲ မကြိုက်ဘူးလေ။ အဲဒီနေရာမှာပဲဖြစ်ဖြစ်၊ ကမ္ဘာလောကကြီးမှာ ဖြစ်နေတဲ့အကုန်လုံးကလည်း မှားတာပဲဖြစ်ဖြစ်၊ မှန်တာပဲဖြစ်ဖြစ်၊ တည့်တည့်ပစ်တာပဲဖြစ်ဖြစ် ကျမအနေနဲ့ လူသားဆန်စွာပဲ ကိုယ်စဉ်းစားတယ်ပေါ့နော်။ အဲဒီခါကျတော့ အပျက်ဆိုရင် တခုမှမကောင်းဘူး။ အဲလိုပဲ စဉ်စားမိပါတယ်။” 

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်သလို စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ ဖိတ်ခေါ်တိုင်း သွားရောက်တွေ့ဆုံနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အောက်ခြေ DKBA တပ်ရင်းတချို့ကတော့ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေတာ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန် နေသူတွေကို ကူညီပေးတာတွေလည်းရှိနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA၊ ကော်သူးလေ၊ PDF မဟာမိတ်ပူးပေါင်းတပ်တွေအကြား နေ့တိုင်းဖြစ်ပွားနေသလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

3 days Ago
Up