တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေဟာ တရားမဝင်ကုန်သွယ်မှုမှာ ပါဝင်နေပြီး တရားမဝင်ကုန်သွယ်မှုတွေကြောင့် နိုင်ငံတော်အတွက် နစ်နာမှုတွေရှိနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၈ ရက်က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ တွေ့ဆုံရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
အခွန်နဲ့ ပတ်သက်လို့ တချို့သော EAO အဖွဲ့တွေဟာ တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်နေတာ သိရှိရကြောင်း၊ တရားမဝင်ကုန်သွယ်တွေကြောင့် နိုင်ငံတော်အတွက် နစ်နာမှုတွေရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုစာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ပါက ၅၀ ရာခိုင်နှုန်းနီးပါးလောက်ကွာဟနေတာတွေ့ရပြီး တရားမဝင်ကုန်သွယ်မှုတွေရှိနေတဲ့ အကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေမရှိစေရေး တတ်နိုင်သလောက် ထိန်းချုပ်ဆောင်ရွက်နေပြီး လိုင်စင်မဲ့ မော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေ မရှိစေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တရားမဝင်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်မှုမရှိစေရေးအတွက် စစ်ဆေးမှုတွေရှိနေပေမဲ့ ခရီးသွားလာမှု နှောင့်နှေးကြန့်ကြာမှုမရှိစေရေး တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
တရားမဝင်ကုန်သွယ်မှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုနေပေမဲ့ လက်တွေ့မြေပြင်မှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ် ရဲနဲ့ နယ်ခြားစောင့်တပ်တွေလည်း တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လောင်စာဆီတွေကို ပြည်ပမှ တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲကုန်ကျမှုတွေ ရှိကြောင်း၊ ဒါကြောင့် လောင်စာဆီကို ချွေတာနိုင်တဲ့ လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်မှန်း ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၈/၂၀၁၉ ခုနှစ်လောက်ကစပြီး နိုင်ငံရဲ့ စီးပွားရေးကျဆင်းခဲ့ပေမဲ့ အခုအခါ တိုင်းပြည် စီးပွားရေး ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီလို့လည်း စစ်ခေါင်းဆောင်က မွန်တိုင်းရင်းသား လုပ်ငန်းရှင်တွေကို ပြောကြားသွားပါတယ်။
တိုင်းပြည်စီးပွားရေး ပြန်ကောင်းလာပြီလို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ လက်တွေ့မှာတော့ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာ့စီးပွားရေးဟာ သမိုင်းတလျှောက်မှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်မှုမလုပ်နိုင်တော့တဲ့အထိ အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံတွေ့ခဲ့ရာဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုးဟာလည်း စံချိန်တင် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
Photo-DSINFO
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ဆက်လက်ကိုင်ဆောင်လိုပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ရွက်ခွင့်ပေးသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီခန့် ဝန်ကြီးတွေနဲ့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ တက်ရောက်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
အခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး အဆိုပါအဖွဲ့တွေနဲ့ သဘောတူညီချက်တွေရရှိပြီး လက်မှတ်ရေးထိုးနိုင်တဲ့အထိ အကြိမ်ကြိမ်ထပ်မံဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း နောင်တစ်ချိန် လွှတ်တော်တွေ ပြန်လည်ကျင်းပချိန်မှာ ငြိမ်းချမ်းရေးညီလာခံပြန်ကျင်းပမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးတွေရရှိဖို့ နိုင်ငံရေးစင်မြင့်လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်လိုပါကလည်း ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရေး နိုင်ငံတော်က ကူညီဆောင်ရွက် ပေးမှာဖြစ်ကြောင်း၊ လက်နက်ဆက်လက်ကိုင်ဆောင် လိုပါကလည်း တပ်မတော်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း၊ နယ်ခြားစောင့်တပ်တွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့်ပေးမယ်၊ ဒါပေမဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေဖြစ်အောင် ဆောင်ရွက်ခဲ့တာရှိပါက နစ်နာတွေက တောင်းဆိုပါက ဥပဒေနဲ့ အညီဖြေရှင်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်သူတွေအပေါ် ထိခိုက်နစ်နာအောင် လုပ်ခဲ့ရင်အရေးယူဖို့ စစ်ခေါင်းဆောင်ကပြောနေပေမဲ့ စစ်ကောင်စီတပ်တွေ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ အပေါ်မှာတော့ အရေးယူဖို့ စစ်ခေါင်းဆောင်က တစုံတရာပြောဆိုခဲ့တာ မရှိပါဘူး။
စစ်ကိုင်းတိုင်း အစွန်အဖျားပိုင်းဟာ သွားလာရေးကန့်သတ်ချက်ရှိနေလို့ PDF နဲ့ EAO တွေစိတ်ဝင်စားပြီး လက်နက်၊ ခဲယမ်းတွေ ပိုမိုစုဆောင်းလာတာကိုတွေ့ရကြောင်း၊ EAO တွေအနေနဲ့ သူတို့ နယ်မြေပြင်ပမှာ တိုက်ပွဲတွေဖြစ်ပွားတာကို ပိုမိုလိုလား ပုံဖော်နေတာ တွေ့ရလို့ လုံခြုံရေးအသိ၊ သတိနဲ့ ဆောင်ရွက်ရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ လတ်တလောမှာ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိတဲ့ EAO အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေလည်းပြုလုပ်နေပါတယ်။
PHOTO-DSINFO