ငွေကြေးအလွဲသုံးစားလုပ်တာနဲ့ ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားခဲ့တဲ့ တော်လှန်ရေးကာလ အွန်လိုင်းပညာရေးကျောင်း ၂ ကျောင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူမယ်လို့ NUG ပညာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
Free Online Education Institution Myanmar (FOEIM) ကျောင်းကို တည်ထောင်သူဟာ ငွေကျပ် သိန်းပေါင်းထောင်သောင်းချီအလွဲသုံးစားလုပ်တယ်လို့ သူ့ရဲ့ရုံးအဖွဲ့က တိုင်ကြားခဲ့တာဖြစ်ပြီး K4U ကျောင်းကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အချက်အလက်တွေ ပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။
ဒီကျောင်းတွေရဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက စုံစမ်းရေးအဖွဲ့တွေ ဖွဲ့ပေးခဲ့ပြီး ကြားနာစုံစမ်းရေးအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း FOEIM ရဲ့ ပညာသင်ကြားတာ မရပ်တန့်စေရေးအတွက် ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး တည်ထောင်သူ ကိုခန့်သူမှာ တာဝန်ရှိတယ်လို့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ကိုခန့်သူက ဆရာ၊ ဆရာမတွေ ရုံးဝန်ထမ်းတွေကို လစဉ်ပေးရမယ့် Data Support တွေ ဆက်မပေးတာကို တွေ့ရတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးတော့ လုံခြုံရေးမကျိုးပေါက်စေဖို့ ရုံးအဖွဲ့မှာ တာဝန်ရှိကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် လူမှုကွန်ရက်ပေါ်မှာ ကျောင်းသား၊ ကျောင်းသူ တချို့ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကျောင်းလခတွေကောက်ခံပြီး ဆရာ၊ ဆရာမတွေ Data Support အတွက် တာဝန်မယူတဲ့ ကိုခန့်သူနဲ့ ကျောင်းပညာသင်ကြားရေးကို ပျက်စီးအောင်လုပ်ခဲ့သူအားလုံးကို ပညာရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတိုင်း သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။
FOEIM ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်တည်ထောင်တုန်းက အခမဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လကစလို့ ငွေကြေးကောက်ခံခဲ့ပြီး မူလတန်းတွေဆီကနေ ထိုင်းဘတ် ၃၇၀၀၊ အလယ်တန်းတွေဆီကနေ ထိုင်းဘတ် ၅၁၀၀ နဲ့ အထက်တန်းနဲ့ GED တွေဆီကနေ ထိုင်းဘတ် ၅၅၀၀ စီကောက်ခံခဲ့တယ်လို့ ကြားနာစုံစမ်းရေးအဖွဲ့က ဆိုပါတယ်။
ကျောင်းမှာ ကျောင်းသူ ကျောင်သားပေါင်း ၃၀၀၀၀ ကျော်တက်ရောက်နေပြီး ငွေကြေးစီမံခန့်ခွဲတဲ့အဖွဲ့မရှိဘဲ ကိုခန့်သူတယောက်တည်းက ငွေကို ကိုင်တွယ်ခဲ့တယ် ဆိုတာ စစ်ဆေးတွေ့ရပေမယ့် ပညာရေးဝန်ကြီးဌာနရော ကြားနာစုံစမ်းရေးအဖွဲ့ကပါ ကျောင်းတည်ထောင်သူနဲ့ တိုင်ကြားခဲ့တဲ့ ရုံးအဖွဲ့အပေါ်မှာပါ ပြစ်တင်ထားတာကိုတွေ့ရပါတယ်။
တိုင်ကြားခံရသူ ကိုခန့်သူဟာ ငွေကြေးစာရင်းကို စုံစမ်းရေးအဖွဲ့ဆီ ၃ ကြိမ် တင်ပြရာမှာ ၃ ကြိမ်လုံးကွဲလွဲနေခဲ့တာ တွေ့ရသလို ထွက်ငွေအထောက်အထားတွေ မတင်ပြနိုင်တာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ငွေကြေးစီမံခန့်ခွဲခွင့်မရှိတဲ့ ရုံးအဖွဲ့ဟာ ဝင်ငွေနဲ့ပတ်သက်လို့ အထောက်အထား သောင်းနဲ့ချီတင်ပြခဲ့ပေမယ့် ထွက်ငွေအထောက်အထားမပြနိုင်တာကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ တိုင်ကြားသူရော တိုင်ကြားခံရသူပါ ညှိနှိုင်းရေးကို လက်မခံခဲ့ဘူးလို့လည်း ဆိုပါတယ်။
K4U ကျောင်းနဲ့ပတ်သက်ပြီးတော့ အချက်အလက်ထိန်းသိမ်းတာမှာ အားနည်းတာကို တွေ့ရပြီး စီမံခန့်ခွဲတဲ့ကိစ္စတွေ၊ အချင်းချင်းမပြေလည်တာတွေ၊ ကျောင်းပြင်ပကိစ္စတွေနဲ့ တိုက်ရိုက်ဆက်စပ်နိုင်တယ်လို့ ယူဆပြီး ဖြစ်စဉ်တွေအတွက် ကျောင်းစီမံခန့်ခွဲရေး တာဝန်ရှိသူတွေနဲ့ ရုံးအဖွဲ့မှာ တာဝန်ရှိတာကို တွေ့ရတယ်လို့ ကြားနာရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ (FOEIM) က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော်လှန်ရေးကျောင်းတွေ ဖွင့်လှစ်သင်ကြားနေရာမှာ လတ်တလောမှာတော့ အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမတွေတွေ ခေါ်ယူနေပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ အထက်တန်းဆင့်ကို National သင်ရိုးနဲ့ GED သင်ရိုးတို့ပေါင်းစပ်ကာသင်ကြားပေးသွားမှာဖြစ်ကာ ဆရာ၊ ဆရာမတွေအနေနဲ့ မြန်မာစာ (National Curriculum)၊ English (National Curriculum) + English Language (GED) ၊ Mathematics (National Curriculum+ GED) ၊ Chemistry (National Curriculum) + Science (GED) ၊ Physics (National Curriculum) + Science (GED) ၊ Biology (National Curriculum) + Science (GED) ၊ Social Studies (GED) စတဲ့ ဘာသာရပ်တွေကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
သင်ကြားရေးဆရာ၊ ဆရာမတွေအနေနဲ့ သင်ရိုးတွေကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေဆီက သင်တန်းပေးတာတွေကို အခမဲ့ရရှိမှာဖြစ်ကာ အချိန်ပြည့်နဲ့ အချိန်ပိုင်းသင်ကြားရေး ရာထူး နှစ်မျိုးခွဲကာ လျှောက်ထားနိုင်မယ်လို့ ဆိုပါ တယ်။
FOEIM ဟာ နွေဦးတော်လှန်ရေးကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ နှစ်မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမလျှောက်ထားလိုပါက မေ ၁၂ ရက် ကနေ ၂၀ ရက်အထိ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရတဲ့ ဆရာ၊ ဆရာမတွေဟာ FOEIM နဲ့ တနှစ်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ တော်လှန်ရေးကျောင်း FOEIM ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်ထားလိုပါက ဖော်ပြပါ https://forms.gle/pJxesNKEAHkPmdQk7 လင့်ခ်ကတဆင့် ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။