မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့ အစည်းအဝေးကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေပါတယ်။
အစည်းအဝေးကို ရက္ခိုင့်တပ်တော် (အေအေ) က တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် ဦးဆောင်တက်ရောက်နေတယ်လို့ သိရပြီး အဖွဲ့ဝင် ၇ ဖွဲ့လုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။
အခုအစည်းအဝေးကို မတ်လ ၁၄ ရက်က ပန်ဆန်းမြို့မှာ ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
“ပန်ဆန်းမှာ FPNCC အစည်းအဝေး ကျင်းပနေတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ ULA/AA ဘက်ကတော့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပါတယ်။ အစည်းအဝေးနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးဘူး။”
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (FPNCC) မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအတွက် အမျိုးသားပါတီ-ကိုးကန့် (MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA) နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ပါဝင်ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလအတွင်းက FPNCC အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းတို့ တွေ့ဆုံခဲ့ပြီးနောက် FPNCC တပ်ဖွဲ့ဝင်တွေ အချင်းချင်း တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းဟာ မတ်လပထမအပတ်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီးနောက် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
FPNCC ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ပြီး ဘာတွေဆွေးနွေးကြမလဲဆိုတာ ညှိနှိုင်းဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ မေ ၆ ရက် ဒီကနေ့ အစည်းအဝေး ကျင်းပနေပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို အခွင့်အလမ်းကောင်းတရပ် အနေနဲ့ အသုံးချနိုင်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေနဲ့ရော တဖွဲ့ချင်းအနေနဲ့ပါ ဒီကနေ့ ဆွေးနွေးကြမှာလို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
အဲဒီတွေ့ဆုံကြမယ့်ပွဲမှာတော့ CNF ကို စစ်ကောင်စီက ဖိတ်ကြားခြင်း မရှိတာကြောင့် တက်ရောက်မှာမဟုတ်ဘဲ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS) အဖွဲ့တို့ကလည်း တက်ရောက်မယ်၊ မတက်ရောက်ဘူး ဆိုတာကို တိတိကျကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
အန်စီအေလက်မှတ်ထိုးမထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ‘ဝ’ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ကလည်း စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်၊ မတက်ဆိုတာ အခုချိန်ထိ ဆုံးဖြတ်ချက် မချရသေးဘူးလို့ အဲဒီအဖွဲ့တွေဆီက သိရပါတယ်။
‘ဝ’ တပ်ဖွဲ့အနေနဲ့လည်း အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိမရှိ အခုချိန်ထိ ပေါ်လစ်ဗျူရိုအဖွဲ့က မဆုံးဖြတ်ရသေးဘူးလို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
FPNCC အဖွဲ့ထဲမှာပါတဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ တဖွဲ့ချင်းသဘောထားအနေနဲ့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ညီနောင်မဟာမိတ်တွေရဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက်က အခုထိ ထွက်မလာသေးဘူးလို့ TNLA တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး တာအိုက်ကျော်က ဆိုပါတယ်။
FPNCC အဖွဲ့ကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဦးဆောင်ပြီး မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ မိုင်းလားတပ်မတော် (NDAA) တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်သင့်တဲ့သူတွေ အားလုံးပါဝင်နိုင်ပြီး နိုင်ငံရဲ့ အရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။