close

KPop

close

April 20, 2023

ကေပေါ့ပ် ASTRO အဖွဲ့ဝင် မွန်းဘင်သေဆုံး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်နိုင်ဟု ကိုရီးယားရဲ ယူဆ

တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ ASTRO ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မွန်းဘင်ကို ဆိုးလ်မြို့ ဂန်နမ်ခရိုင်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ယွန်ဟပ် တောင်ကိုရီးယားသတင်းမှာ ဖော်ပြပါတယ်။

မွန်းဘင်သေဆုံးနေတာကို  ဧပြီ ၁၉ ရက် ည ၈နာရီ ၁၀ မိနစ်လောက်မှာ သူ့ရဲ့မန်နေဂျာက ပထမဆုံး တွေ့ရှိခဲ့ပြီးတော့ ရဲကိုဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားရဲတပ်ဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ မွန်းဘင် သေဆုံးမှုဟာ မိမိကိုယ်ကိုယ် သတ်သေမှုလို့ ယူဆရပြီး ရဲတပ်ဖွဲ့အနေနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို အတိအကျ သိရှိနိုင်ဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ ပြောဆိုခွင့်ရှိသူတဦးက “မွန်းဘင်က သူ့ကိုယ်သူ သတ်သေသွားပုံရပါတယ်။ တကယ် သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ သိရှိနိုင်ဖို့အတွက် လောလောဆယ် အလောင်းခွဲစိတ်မှု ပြုလုပ်နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်” လို့ ပြောပါတယ်။

သူ့ရဲ့အေဂျင်စီကလည်း ဒီဆုံးရှုံးမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မွန်းဘင်ဟာ သူ မကွယ်လွန်ခင်မှာ အခုနှစ်အတွင်း ပြုလုပ်မယ့် 2023 Dream Concert  မှာ ပါဝင်ဖို့ စီစဥ်ထားခဲ့ပြီး အဆိုပါဖျော်ဖြေပွဲကို လာမယ့် မေလ ၂၇ ရက်နေ့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ အားကစားကွင်းကြီးမှာ ကျင်းပဖို့ ရှိနေတာပါ။

မွန်းဘင်ဟာ မကြာခင်က ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ကြုံတွေ့နေရတယ်လို့လည်း သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေက ဆိုပါတယ်။

မွန်းဘင်ပါဝင်နေတဲ့ ASTRO ကေပေါ့ပ်အဖွဲ့ကို  ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံး စတင်ဖွဲ့စည်းခဲ့ပြီး ASTRO ရဲ့ တခြားအဖွဲ့ဝင်တွေကတော့ ဆန်းဟ၊ အမ်ဂျေ၊ ဂျင်ဂျင်းနဲ့ ချာအန်ဝူးတို့ဖြစ်ကြပြီး  မွန်းဘင်နဲ့ ဆန်းဟဆိုတဲ့ အဖွဲ့ခွဲတခုလည်း ဖွဲ့စည်းထားပါသေးတယ်။

ASTRO အဖွဲ့ရဲ့ လူကြိုက်များ ရေပန်းစားတဲ့ သီချင်းတွေဖြစ်တဲ့ “Blue Flame”, “Candy Sugar Pop”, “Knock” နဲ့ “Crazy Sexy Cool” အပါအဝင် တခြားသီချင်းများစွာ ကျန်ရှိခဲ့ပြီး သူ့ရဲ့မိတ်ဆွေတွေ၊ ပရိသတ်တွေကတော့ သူ့အတွက် ဝမ်းနည်းနေကြပြီး များစွာ ပူဆွေးသောက ရောက်နေကြကြောင်း လူမှုကွန်ရက်တွေမှာ ဝေမျှပြောဆိုနေကြပါတယ်။

2 mins Ago

December 27, 2021

တောင်ကိုရီးယားကေပေါ့ BTS အဖွဲ့ဝင် ၃ ဦးတွင် ကိုဗစ်ပိုးတွေ့

နာမည်ကျော် တောင်ကိုရီးယား ကေပေါ့ ဂီတအဖွဲ့ (BTS) ရဲ့ အဖွဲ့ဝင်သုံးဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ့် Big Hit Music ကုမ္ပဏီ မန်နေဂျာက ပြောပါတယ်။ 

ကိုဗစ်ကပ်ဘေးကြောင့်  ကေပေါ့အဖွဲ့ကို အတော်ကြာအောင် ရပ်နားထားခဲ့ရပြီး၊ မကြာခင်က အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ဖျော်ဖြေခဲ့အပြီး တောင်ကိုရီးယားကို ပြန်လာမှ ကိုဗစ် positive တွေ့ရှိတာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ BTS မှာ အသက် ၂၇ နှစ်ရှိ Rapper RM၊ အသက် ၂၉ နှစ်ရှိ အဆိုတော် ဂျင်နဲ့ သီချင်းရေးသူ ရပ်ပါ ဆူဂါ တို့သုံးဦး ကိုဗစ် positive ရလဒ်တွေ့ရှိတာပါ။ သုံးဦးစလုံး ဩဂုတ်လမှာ ကာကွယ်ဆေးနှစ်ကြိမ်  ထိုးပြီးသား ဖြစ်ပါတယ်။

၂၀၁၃ မှာ စတင်ခဲ့တဲ့ BTS အဖွဲ့ဟာ ကမ္ဘာတလွှားက ကေပေါ့ ရူးသွပ်တဲ့လူငယ်တွေကို အလန်းစားဂီတတွေ၊ အကတွေ သီးချင်းတွေနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။

၂၀၁၉ မှာ အမေရိကန်မှာ ပထမဆုံးစင်တင်ဖျော်ဖြေခဲ့ပြီး၊ ကပ်ဘေးမဖြစ်ခင် အာရှ၊ ဥရောပ၊ မြောက်အမေရိကတို့မှာ ပွဲတွေ ဆက်ခဲ့ပါတယ်။

1 year Ago
Up