close

PDF ပူးပေါင်းတပ်

close

April 6, 2023

ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ခိုတာရွာနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဧပြီ ၃ ရက် ညနေပိုင်းက  အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတချို့နဲ့ ရိက္ခာတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KIA တပ်ရင်း ၁၂ က ပြောပါတယ်။ 

မဘိမ်းမြို့မှာရှိတဲ့ ခိုတာရွာကို စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဖို့လာတဲ့အချိန် KIA အမှတ် (၁၂) တပ်ရင်း နဲ့ PDF ပူးပေါင်းအဖွဲ့တွေက အသင့်စောင့်ပြီး ပစ်ခတ်ခဲ့ကြတာဖြစ်ကာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီ အခြေစိုက်စခန်းတွေဘက်ကနေ ဧပြီ ၄ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့  KIA တပ်ရင်း ၁၂ တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ကျသံတွေက အဆက်မပြတ် ကြားနေရပြီး ဒေသခံတွေက ဘာမှယူချိန်မရဘဲ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရကာ အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ၁၇ ယောက်လောက်ပဲ အကောင်းတိုင်း ကျေးရွာထဲကနေ ပြန်လည်ဆုတ်ခွာသွားတာ မြင်လိုက်ရတယ်လို့ ခိုတာရွာမှာ နေထိုင်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မဘိမ်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အခု တိုက်ပွဲဖြစ်ပွားတဲ့နေရာက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ခိုတာရွာ ဖြစ်ကာ မဘိမ်းမြို့နဲ့ ၄ မိုင်သာကွာဝေးပြီး လက်ရှိမှာတော့ ဒေသခံတွေက ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ 

အခုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကိုတော့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။

9 mins Ago

April 5, 2023

ကေအန်ယူ တပ်မဟာ ၇ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး BGF စခန်းကုန်း ၂ ခု စီးနင်းခံရ၊ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ဒေသမှာ KNLA ပူးပေါင်းတော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပါတယ်။

ဧပြီ ၅ ရက် ဒီနေ့မနက် ၅ နာရီလောက်က စပြီး KNLA၊ KNDO၊ KNU/KNLA PC၊ PDF တော်လှန်ရေးအင်အားစုတွေနဲ့ BGF တပ်ဖွဲ့တွေ တပ်မဟာ ၇ နယ်မြေ ထီးကောထော၊ သက္ကာရရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေကာ ရွှေကုက္ကိုလ်မြို့နဲ့ ၆ မိုင်ခန့်သာ ကွာဝေးတဲ့ နေရာတွေမှာ ဖြစ်ပွားနေတာပါ။

မွန်းတည့် ၁၂ နာရီလောက်က BGF စခန်းကုန်း ၂ ခုကို တော်လှန်ရေး အင်အားစုတွေဘက်က စီးနင်းထားနိုင်ပြီး စစ်ကောင်စီတပ်တွေဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ ၃ ကြိမ်ခန့်ရှိနေကာ ဒီတခါတိုက်ပွဲဖြစ်တာက တပ်မဟာ ၇ ဒေသမှာ ပထမဆုံး တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ သွေးသောက်ကတိသစ္စာပြုပွဲ ပြုလုပ်ခဲ့ပြီး အဲဒီသစ္စာပြုပွဲမှာ NCA လက်မှတ်ထိုးထားတဲ့ KNU/KNLA PC ငြိမ်းချမ်းရေးကောင်စီက စောလက်ကိုင်၊ စောဘလို့နဲ့ ဗိုလ်ကျော်ဂလော့တို့ ပါဝင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကနေ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မြဝတီမြို့ပေါ်နဲ့ သင်္ဃန်းညီနောင်မြို့တွေမှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူတွေ ထောင်နဲ့ချီပြီး ထိုင်းဘက်ခြမ်းကို စစ်ဘေးရှောင်နေကြပါတယ်။

ဓာတ်ပုံ-BGFတပ်ဖွဲ့ဝင်အချို့

21 hours Ago

ကရင်ပြည်နယ်၌ တိုက်ပွဲများထပ်ဖြစ်ပြီး ဝေါလေဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပြန်ပိတ်

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ တိုက်ပွဲတွေထပ်မံ ဖြစ်ပွားနေတဲ့အတွက် သင်္ဃန်းညီနောင်မြို့သစ် ၆ လမ်းထိပ်ကနေ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ပိတ်ထားလိုက်တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။ 

ဧပြီလ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက် မြဝတီမြို့အနီး ဒေါနတောင်ကြားနဲ့ သင်္ဃန်းညီနောင်မြို့သစ်ထိပ်နားမှာ စစ်ကောင်စီတပ်တွေနဲ့  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ 

ကုန်ကားမောင်းသူ မြဝတီမြို့ခံတစ်ဦးက “မနေ့က နေ့လယ်လောက်ကစဖြစ်တာထင်တယ်။ သေနတ်သံတွေက ညအထိမစဲဘူး၊ လမ်းပိတ်တာကတော့ ဘယ်အဖွဲ့ကပိတ်လိုက်တယ်ရယ် မဟုတ်ဘူး။ အသုံးမပြုဖို့အတွက် ပြောတာ၊ ညီနောင်က ကျနော့်ညီတွေလည်း စစ်ရှောင်နေရပြီ ကျနော်တို့လည်း အလုပ်အကိုင်ပျက်တယ်ဗျာ။ အခုက ထို့ကော်ကိုးတောလမ်းကလည်း မသွားရဲဘူး။ မရှိလို့သာ လုပ်စားနေရတာ ရင်တထိတ်ထိတ်ပဲ”လို့  ပြောပါတယ်။

သင်္ဃန်းညီနောင်မြို့က ချစ်ကြည်ရေးဆီဆိုင်နားမှာ မနေ့က ကုန်ကားတွေ ပစ်ခတ်ခံထားရပြီး လက်နက်ငယ် လက်နက်ကြီးပစ်သံတွေကို ထိုင်းနယ်စပ် မဲဆောက်မြို့ကတောင် ကြားနေရတယ်လို့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ နားမှာ နေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

မတ်လ ၂၅ ရက်ကစတင်ပြီး  မြဝတီမြို့ကုန်သွယ်ရေးဇုန်၊ မဲကနယ်ရွာတွေဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ၃ ရက်ကလည်း မြဝတီကို ပြန်လာတဲ့ စစ်ကောင်စီ အင်အား ၄၀ လောက်ပါတဲ့ စစ်ကားကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ကုန်ကားတွေရော ခရီးသည်တင်ကားတွေပါ ပိတ်မိနေပြီး မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားရဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဒေသအာဏာပိုင်တွေက လုံခြုံရေးအင်အားတိုးမြှင့်ချထားပါတယ်။

ဧပြီ ၃ ရက် ညပိုင်းကလည်း မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းကို    ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO တပ်ရင်း (၈) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၁၂၂ မမ) ဟောင်ဝစ်ဇာမြောက်နဲ့ ရိက္ခာဂိုဒေါင်ရုံ ထိခိုက်မီးလောင် ပျက်စီးခဲ့တယ်လို့   Federal Wings ကထုတ်ပြန်ပါတယ်။

ဝေါလေဗျူဟာကုန်းမှာ စစ်ကောင်စီ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် (၂) နည်းဗျူဟာ တပ်ဖွဲ့ဝင်တွေ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်လေ့ရှိတာပါ။

1 day Ago
Up