အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့မွေထိုင်းလက်ဝှေ့အဖွဲ့(WMO)က ထိပ်တန်းမွေထိုင်းလက်ဝှေ့မယ် ၁၀ ဦးကို ရွေးချယ်ဖော်ပြရမှာ မြန်မာနိုင်ငံက ကယန်းကျားသစ်မယ် ဘရော်နီကာလည်း ပါဝင်ပါတယ်။
ကမ္ဘာ့မွေထိုင်းလက်ဝှေ့အဖွဲ့က ဂုဏ်ပြုရွေးချယ်ထားတဲ့ အမျိုးသမီးလက်ဝှေ့သမား ၁၀ ယောက်ထဲမှာ အမေရိကန်က ၂ ယောက်၊ ထိုင်းက ၃ ယောက်၊ ယူကေက ၂ ယောက်၊ မြန်မာ၊ ပြင်သစ်နဲ့ ဩစတြေးလျက မွေထိုင်းလက်ဝှေ့သမား ၁ ဦးစီ ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် Sylvie Von Duuglas.Ittu က နံပါတ်၁ နေရာမှာ ရွေးချယ်ဖော်ပြထားပြီး မြန်မာနိုင်ငံက ကယန်းကျားသစ်မယ် ဘရော်နီကာ (Vero Vor.Rujinrawong) ကိုတော့ နံပါတ် ၇ နေရာမှာ ဖော်ပြထားပါတယ်။
ဒီလိုရွေးချယ်ဖော်ပြခံရတဲ့အပေါ် ဘရော်နီကာက “ကျနော့်အနေနဲ့ အမျိုးသမီးတယောက်၊ ဖိုက်တာ တယောက်မှာ ဒီလိုနေရာရမယ်လို့လည်း တခါမှမတွေးဖူးဘူးပေါ့နော်။ နိုင်ငံကိုယ်စားပြုအနေနဲ့ ပြီးတော့လည်း အမျိုးသမီးတယောက်အနေနဲ့ ဒီလိုမျိုး နေရာအထိ လုပ်ဆောင်နိုင်သွားတာကိုလည်း ကိုယ်မစဉ်းစားဘူး။ မတွေးမိဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ကြိုးစားမှု အပေါ်မှာ သူတို့ကိုယ့်ကို အဲလိုမျိုး အသိအမှတ်ပြုတဲ့အတွက်လည်း ကျနော်ကိုယ့်ကိုယ်ကိုလည်း အရမ်းဂုဏ်ယူတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။
Thai Fight မှာ ဝင်ရောက်ပြီး လက်ဝှေ့ထိုးသတ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ခက်ခက်ခဲခဲနဲ့ နေရာရလာတဲ့အတွက် ပရိသတ်အတွေအနေနဲ့ အားပေးကြဖို့လည်း ဘရော်နီကာက တိုက်တွန်းထားပါတယ်။
“ဒီလိုမျိုးနေရာရဖို့ ကျနော်အခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရတာပေါ့နော်။ အားကစားနဲ့ ပတ်သက်ပြီးတော့။ ပြီးတော့ စားရေးသောက်ရေးတွေရော၊ အများကြီးကျော်ဖြတ်ပြီးတော့ ဒီလိုမျိုးနေရာတခုရောက်ရှိလာတာပေါ့။ အဲဒါကြောင့်မို့ ကျနော် ဘယ်နေရာပဲ ရောက်ရောက် ကျနော့်ကို ဆက်လက်ပြီးတော့ အားပေးဖို့ ကျနော်ပြောချင်တယ်။”
အသက် ၂၆ နှစ်အရွယ် ဘရော်နီကာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ “Thai Fight 100 years Nakornban” မွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အန်ယူဂျီအစိုးရကလည်း သူကို ဂုဏ်ပြုခဲ့ပါတယ်။
ဘရော်နီကာဟာ ONE Championship အဖွဲ့အစည်းရဲ့ MMA ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့လည်း ကြိုးစားနေသူ ဖြစ်ပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းဆဟာ ၂၀၂၀ မှာ စံချိန်သစ်တင်ခဲ့ပြီး ကမ္ဘာကြီးဟာ အပူချိန် မြင့်တက်မှုကို ကန့်သတ်ရေး ပန်းတိုင်ကို ရောက်ဖို့ လမ်းကြောင်းလွဲနေပြီလို့ ကုလသမဂ္ဂ မိုးလေဝသ အေဂျင်စီ (WMO) က အောက်တိုဘာ ၂၅ ရက်မှာ သတိပေး ပြောလိုက်ပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ယာယီကျဆင်းပေမဲ့ ကျန်ခဲ့တဲ့ ဆယ်စုနှစ်က ပျမ်းမျှနှုန်းထက် ပိုမြင့်နေပြီး ၂၀၂၀ မှာ လေထုအတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ပမာဏဟာ ၄၁၃ ဒသမ ၂ ppm ထိ မြင့်တက်နေတယ်လို့ WMO က အစီရင်ခံပါတယ်။
WMO ရဲ့ အတွင်းရေးမှူးချုပ် ပတ်တေရီတားလက်စ်က “အဓိက ဖန်လုံအိမ်ဓာတ်ငွေ့တွေ ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနဲ့ နိုက်ထရပ်စ်အောက်ဆိုဒ် ၃ မျိုး ထုတ်လွှတ်မှုမှာ ထပ်ပြီး စံချိန်ချိုးခဲ့ပြီးပြီ။ ဒီအဖျက်သဘောဆောင်တဲ့ လမ်းကြောင်းဟာ ကျနော်တို့ ဆယ်စုနှစ်ချီ လေ့လာခဲ့ပြီး ဒီနှစ်မှာလည်း ဆက်လုပ်နေဆဲပဲ”လို့ ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပမယ့် ကမ္ဘာ့ရာသီဥတုညီလာခံမှာ ကတိတွေ တိုးပြုကြဖို့ကိုလည်း သူက ဆော်ဩပါတယ်။
နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်တွေဟာ ဂလက်စ်ဂေါမြို့မှာတွေ့ဆုံပြီး ပါရီ သဘောတူညီချက်အောက်မှာ ကမ္ဘာကြီး ပူနွေးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အားဖြည့် အရေးယူ ဆောင်ရွက်ရေး အမြင်တွေကို ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။