နေခန့်/People’s Spring
သစ်ပင်ခြုံနွယ်တွေနဲ့ထူထပ်နေတဲ့ နေအိမ်တလုံးရှေ့မှာ ကိုနွယ်မတ်တပ်ရပ်နေတယ်။ ၃ နှစ်ကျော် နေသူကင်းမဲ့ပြီး ရှင်းလင်းမဲ့သူမရှိတာကြောင့် အိမ်ခြံဝင်းနဲ့ လမ်းကြားထဲမှာကို သစ်ပင်တွေက တောထနေတယ်။ အိမ်ခြံဝင်းထဲမှာလည်း အလေ့ကျအပင်မင်းမူနေတယ်။ သံဝင်းတံခါးပေါ်မှာလည်း အပင်တွေက ရစ်ပတ်နွယ်တက်နေတယ်။
ဝင်းတံခါးကိုချည်ထားတဲ့ သံကြိုးနဲ့ သော့ခလောက်တောင် သံချေးတွေတက်နေခဲ့တယ်။ အဲဒီသံကြိုးနဲ့ သော့ခလောက်ကတော့ စစ်ကောင်စီက ချိတ်ပိတ်တဲ့အနေနဲ့ လာခတ်သွားခဲ့တာပါ။ ကိုနွယ် တူတစ်ချောင်းနဲ့ အားပါပါ ရိုက်ချလိုက်တယ်။ သော့လည်းပြုတ်ထွက်သွားပြီး သံကြိုးကိုဖြည် ခြံဝင်းတံခါးကို ကိုနွယ်ဖွင့်ဝင်လာခဲ့တယ်။
အဲဒီခြံနဲ့နေအိမ်ဟာ ကိုနွယ်တို့ နေအိမ်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ကောင်စီက သူတို့ကိုဆန့်ကျင်တဲ့ကိုနွယ်ရဲ့နေအိမ်ကို သော့ခတ်ချိတ်ပိတ်ခဲ့တာပါ။ အခုတော့ စစ်ကောင်စီချိတ်ပိတ်ထားတဲ့နေအိမ်ကို ကိုနွယ်ပြန်ရောက်ခဲ့ပါပြီ။
ကိုနွယ်ဆိုတာက မိုးကုတ်ဗျူဟာ စစ်ဦးစီးအဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးတွဲဖက်တာတာဝန်ခံ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ ကိုဝေမိုးကျော်ပါ။ ရင်းနှီးတဲ့သူတော်တော်များများကတော့ ကိုဝေမိုးကျော်ရဲ့ တခြားနာမည်တခုဖြစ်တဲ့ နွယ်နီဆိုတဲ့နာမည်က နွယ်ကိုယူပြီး ကိုနွယ်လို့ ခေါ်ကြပါတယ်။
ကိုနွယ်အခုပြန်ရောက်နေတဲ့အိမ်က မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ကိုနွယ်ရဲ့နေအိမ်ပါ။ အာဏာမသိမ်းမီက ကိုနွယ်ဟာ အခြေခံပညာအထက်တန်းပြ ကျောင်းဆရာတစ်ဦးပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းချိန်မှာတော့ ကိုနွယ်ဟာ စဥ့်ကူးမြို့ရဲ့ သပိတ်ခေါင်းဆောင်တယောက် ဖြစ်ခဲ့ပါတယ်။
သပိတ်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ကိုနွယ်ဟာ ၂၀၂၁ ဖေဖော်ဝါရီလထဲမှာပဲ နေအိမ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ကိုနွယ့်အိမ်ကို စစ်တပ်က စစ်ကား ၅ စီး ၆ စီးနဲ့ လာရှာခဲ့တာကြောင့်ပါ။ ကိုနွယ့်ကိုမတွေ့လို့ဆိုပြီး စစ်တပ်က ကိုနွယ့်ဖခင်ကို ဖမ်းဆီးခဲ့ပါသေးတယ်။ ရက်ပိုင်းအတွင်း ဖခင်ပြန်လွတ်လာပေမယ့် ကိုနွယ်ကတော့နေအိမ်ကိုမပြန်ဖြစ်တော့ပါဘူး။ စဥ့်ကူးနယ်ထဲမှာပဲ အာဏာသိမ်းမှုဆန့်ကျင်တဲ့ အေးချမ်းစွာ ဆန္ဒပြပွဲတွေ ဦးဆောင်ခဲ့ပါတယ်။
ပြည်သူတွေက အေးချမ်းစွာ ဆန္ဒပြခဲ့ပေမယ့် စစ်တပ်ကတော့ သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ ကိုနွယ်တို့ရဲ့သပိတ်စစ်ကြောင်းတွေကို စက်သေနတ်နဲ့တောင် ဖြိုခွင်းခံခဲ့ရတာတွေရှိခဲ့တယ်။ ပြည်သူတချို့လည်း ထိခိုက်သေဆုံးတာတွေရှိလာတော့ ကိုနွယ်စိုးရိမ်ပူပန်စိတ်တွေ ရှိလာခဲ့တယ်။
“အဲဒီတုန်းကတည်းက ကျွန်တော်က ဒီကောင်တွေကို ဘာနဲ့ပြန်ပစ်ရမလဲစဥ်းစားနေတာ။ ဒီကောင်တွေကိုပြန်ပစ်နိုင်တာလက်နက်ပဲရှိတာမို့လို့ လက်နက် ကိုင်ဖြစ်သွားတာ။”လို့ ကိုနွယ်က ပြောပြတယ်။
အဲဒါကြောင့် ကိုနွယ်ရဲ့လက်ဟာ မြေဖြူကိုင်တဲ့လက်ကနေ သေနတ်ကိုင်တဲ့လက်အဖြစ် ကူးပြောင်းသွားခဲ့ရပါတယ်။
မိုးကုတ်ဗျူဟာတပ်ရင်းတွေကို ဦးဆောင်ဖွဲ့စည်းခဲ့သူတွေထဲ ကိုနွယ်လည်းပါဝင်ခဲ့တယ်။ ကိုနွယ်ဟာ LGBT တစ်ယောက်ဆိုတာ ပတ်ဝန်းကျင်ကို အသိပေးထားသူပါ။ ဒါပေမယ့် ကိုနွယ် မနွဲ့အားခဲ့။ LGBT တစ်ယောက်ပေမဲ့ ခေါင်းမာတယ်။ လုပ်မိတဲ့အလုပ်ကို ဘယ်တော့မှနောက်ကြောင်းပြန်လှည့်မှာမဟုတ်။
“LGBT တစ်ယောက် လက်နက်မကိုင်ရဘူးလို့လည်း ကျွန်တော်က ယူဆမထားဘူး”လို့ ကိုနွယ်က ပြောပြတယ်။
ကိုနွယ်တို့မိုးကုတ်ဗျူဟာ တပ်ရင်းတွေဟာ မိုးကုတ်နဲ့ဆက်စပ်နေတဲ့နယ်မြေတွေမှာ တိုင်းရင်းသားတပ်တွေနဲ့ပါပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ကြတယ်။ စစ်ရေးအောင်ပွဲတွေလည်း ရရှိခဲ့ကြတယ်။နာမည်ကျော် လယ်ကြီးစခန်းသိမ်းတိုက်ပွဲမှာလည်း မိုးကုတ်ဗျူဟာတပ်ရင်းတွေပါ ဝင်ရောက်အစွမ်းပြခဲ့ကြတယ်။
အခုလက်ရှိမှာကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ စစ်ဆင်ရေးတွေမှာ မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်တဲ့ တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တို့ကလည်း မိုးကုတ်မြို့နယ်ကစစ်တပ်စခန်းတွေအပါအဝင် စစ်ဆင်ရေးများစွာမှာ အပါအစွမ်းကုန် ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေ တယ်လို့ အသိပေးထားပါတယ်။
အဲဒီလိုစစ်ရေးအရ များမြောင်နေတဲ့အချိန်မှာပဲ ကိုနွယ်ရဲ့ဇာတိ စဥ့်ကူးမြေမှာ ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွေ ရှိလာခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းတပ်တွေရဲ့ ဇွန်လကုန်ပိုင်းနေ စတင်လိုက်တဲ့ စဥ့်ကူးနယ်ထဲက စစ်ဆင်ရေးတွေဟာ ဇူလိုင်လဝက်အထိ တပ်စခန်းပေါင်း ၁၁ ခု သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ စဥ့်ကူးမြို့ပေါ်အထိလည်း ထိန်းထားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရတယ်။
စဉ့်ကူးစစ်ဆင်ရေးတွေမှာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေလည်း အများအပြားကို သိမ်းဆည်းရမိခဲ့တာပါ။
ဒါ့အပြင် စဥ့်ကူးနယ်ထဲမှာပဲ စစ်ကောင်စီဘက်က သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်အပါအဝင် (၁၅)ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ လက်နက်ချ အလင်းဝင်တဲ့ ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိခဲ့ပါတယ်။
အဲဒီလို စစ်ရေးအောင်မြင်မှုတွေရနေတဲ့ဇာတိမြို့လေးရဲ့သတင်းကို ကိုနွယ်အားရကျေနပ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ လိုအပ်လျက်အရ ကိုနွယ်တို့တတွေ စဥ့်ကူးနယ်ရောက်တုန်းရောက်ခိုက် ကိုနွယ့်အိမ် ခဏတာ ဝင်ခဲ့ကြတာပါ။
ကိုနွယ်နဲ့အတူ တပ်ရင်းက မိုင်းဆရာနဲ့ ရဲဘော်တချို့လည်း ပါ ပါတယ်။
“စစ်ကောင်စီက နောက်ဆုံးဝင်တဲ့ ချိတ်ပိတ်တဲ့တခေါက်က သူခိုးလည်းမဝင်စေနဲ့၊ ခွေးလည်းမဝင်စေနဲ့၊ ဒီထဲမှာမိုင်းထောင်ထားတယ်ပေါ့။ ဒါပေမယ့်မိုင်းမရှိပါဘူး”လို့ ကိုနွယ်က ပြောပြတယ်။
အိမ်ထဲမှာ အရာအားလုံး ပျက်စီးနေတာတွေ့မြင်ခဲ့ရတယ်။ “ဘာမှအကောင်းတခုမှမရှိတော့ဘူး ရေလည်းသုံးမရတော့ဘူး”လို့ ကိုနွယ်က ဖွင့်ဟပါတယ်။
တံခါးဖွင့်ဖွင့်ချင်း ကိုနွယ်ပထမဆုံးသတိရမိတာက စစ်ကောင်စီပါ။ သူတို့ချိတ်ပိတ်ခဲ့တဲ့အိမ်ကို ကိုနွယ့်လက်နဲ့ ပြန်ဖွင့်နိုင်ခဲ့ပြီလို့ တွေးရင်း သတိရတာပါတဲ့။
“တချိန်ချိန်ကျရင် ငါဒါကို(အိမ်ကို)ဖွင့်မှာပဲဆိုပြီး ကျွန်တော့်စိတ်ထဲမှာရှိပြီးသား”လို့ ကိုနွယ်က ပြောပြတယ်။
မိဘနှစ်ပါးနဲ့ညီမလေးကိုလည်းသတိရသွားတယ်။ သူတို့ကိုလည်း လှမ်းပြောပြတော့ အဝေးကနေပျော်နေကြတယ်လို့ ကိုနွယ်က ကြည်နူးစွာပြောပါတယ်။
ကိုနွယ်အိမ်ရဲ့အပျက်အစီးတွေကြားကနေ အိမ်ထဲ လှည့်ပတ်ကြည့်မိတယ်။ စာသင်ခဲ့တဲ့စာအုပ်လေးတွေ အင်္ကျီလေးတွေတွေ့ခဲ့ရတယ်။ ကိုနွယ် ဝမ်းသာတယ် ပျော်တယ်။
ကိုနွယ် အိမ်ထဲမှာ နာရီပိုင်းလောက်ကြာအောင်နေခဲ့တယ်။ အဲဒီနောက်တော့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေထမ်းဆောင်ဖို့ ကိုနွယ်ပြန်ဖို့ပြင်လိုက်တယ်။ မပြန်ခင် ကိုနွယ့်အခန်းထဲက အကောင်းအတိုင်းရှိနေသေးတဲ့ အဝါရောင်အင်္ကျီလေးတစ်ထည် ယူဖြစ်ခဲ့တယ်။
ကိုနွယ်အိမ်ပြန်ခွင့်ရခဲ့တာကို ပြည်သူတွေက ဝမ်းသာကြည်နူးခဲ့ကြတယ်။ စစ်ကောင်စီရဲ့ရန်ကြောင့် အိမ်နဲ့ဝေးနေရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အများကြီးပဲမဟုတ်လား။ သူတို့လည်းမုဒိတာပွားကြ ကြည်နူးခဲ့ကြပါတယ်။
အိမ်မပြန်ရသေးတဲ့သူတွေကို ကိုနွယ်က”ကျားကုတ်ကျားခဲနဲ့ ကိုယ့်ပန်းတိုင်ကို ရောက်အောင်ကြိုးစားပါ။ အိမ်ပြန်ရမှာပါ”လို့ အားပေးပါတယ်။
မလွတ်မြောက်သေးတဲ့နယ်တွေ၊ ပြည်သူတွေအတွက် ဆက်ပြီးကြိုးစားပေးဖို့ကိုလည်း ကိုနွယ်က တိုက်တွန်းပါတယ်။
“ကိုယ့်နယ်လေးရရုံလောက်နဲ့ရပ်သွားလို့မရဘူး။ တော်လှန်ရေးက ပြီးအောင်လုပ်ရမယ်။ စစ်ကောင်စီပြုတ်ကျသွားတဲ့အထိ အလုံးစုံကြိုးစားရမယ်။ ဆက်ချီတက်ကြမယ်။”လို့ ကိုနွယ်က ပြောပါတယ်။
တော်လှန်ရေးပြီးရင်တော့ ကိုနွယ်အိမ်ကိုပြန်လာဦးမှာပါ။ အဲဒီအခါကျ အိမ်မှာဘာလုပ်ချင်လဲလို့မေးတဲ့အခါ ကိုနွယ်က “အိမ်မှာပဲ ခဏလောက်ဖြစ်ဖြစ် အိပ်ရေးဝဝအိပ်ပြီး အနားယူချင်တယ်” တဲ့။