ဆူးနတ်သန်
မှိုင်းပြနေတဲ့ကောင်းကင်
အမေရယ်….ကျွန်တော်တို့က မိုးခိုချင်တာ မဟုတ်ဘူး
မိုးစိုချင်နေတဲ့ အကောင်တွေပါ။
ဖိနပ်ခံတပ်လုပ် ပြေးခဲ့ပြီးပြီ
အသက်ကို ရွက်ကုန်လွှင့်ပြီး
မိုက်ပြရမှာ ဝန်မလေးပါဘူး
လိုချင်တာ ပျော်ရွှင်ဖွယ် လူ့အဖွဲ့အစည်း
အဖိနှိပ်ခံတွေ ကျွန်သက်တမ်းရှည်နေတဲ့
တိုင်းပြည်တစ်ခုမှာ မိုးတွေကြီး စွေနေတာ
လူငယ်လျှောက်လမ်းလေးတွေ သိတယ်။
သွေးစက်တွေချည်း ခင်းထားတဲ့လမ်း
လက်ဗလာ ခြေဗလာနဲ့ တက်ခဲ့ရင်း
လျှောက်လမ်းတွေ လျှောက်လမ်းအတိုင်း ကျန်ခဲ့ရင်တောင် နိုင်ငံတော်ဟာ လင်းလင်းချင်းချင်း
မြတ်နိုးဖွယ်ရာ တိုင်းပြည်ဖြစ်ခဲ့မှာပါ။
လက်နှစ်ဖက်ပဲ ပါပါတယ်
ဘဝကို စက္ကန့်ပေါင်းများစွာနဲ့မြှောက်လည်း
သံသရာက ရယ်မောနေပါလိမ့်မယ်
မျှော်နေတာတွေ ပျော်နေတာတွေ
ကူးစက်ရမှာပေါ့အမေ
လူငယ်လျှောက်လမ်းတွေ ပေါတဲ့
ဟောဒီတိုင်းပြည်လေးဟာ
နောက်ထပ် မလေလွင့်တော့ပါဘူး။
ကျန်ခဲ့မှာပေါ့
မျက်ရည်တွေ သွေးတွေ
ဒါပေမဲ့ လျှောက်လမ်းလေးတွေ အမေရဲ့
ပုံပျက်ပန်းပျက် စနစ်တစ်ခုအောက်မှာ
လျှောက်လမ်း ဖြစ်သွားခဲ့ပုံပေါ့
ပန်းတစ်ပွင့်ထက် ပေါ့ပါးခဲ့ပါတယ်။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ဆူးနတ်သန်’ ရဲ့ “လူငယ်လျှောက်လမ်း”ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်)